Home
မြန်မာသတင်း
ထိုင်း-ကရင်နီနယ်စပ် ဒုက္ခသည်စခန်းက အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှု ပိုကြုံနေရ
DVB
·
July 12, 2025
ကရင်နီပြည်နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု ပြုလုပ်ခဲ့စဉ်။

ထိုင်း-ကရင်နီနယ်စပ်က နှစ်ရှည်ဒုက္ခသည်စခန်းတွေမှာ အမျိုးသမီးတွေအပေါ် အိမ်တွင်း အကြမ်းဖက်မှုတွေ ပိုများလာပြီး ဝင်ငွေတွေလည်း လျော့နည်းလာတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောဆိုပါတယ်။

ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ရိက္ခာဖြတ်တောက်မှုတွေ လျော့ပါးမှုတွေနဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ရပ်ဆိုင်းလုနီးပါး ဖြစ်နေကြပါတယ်။

ကာလကြာရှည် စစ်ဘေးရှောင်နေရတဲ့ ဒီစခန်းတွေမှာ မိသားစုစားဝတ်နေရေး အဆင်မပြေမှုတွေနဲ့ အတူ အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ပိုများလာပြီး စစ်ရှောင်အမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ကြုံနေရတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) အဖွဲ့က ပြောပါတယ်။

“အရင်ကဆို လူမှုရေးပြဿနာ၊ နိုင်ငံရေးပြဿနာ စသည်ဖြင့် ဒါတွေကတော့ ရှိတယ်ပေါ့နော်။ အခုက ထပ်ပြီး ပိုပြီးတော့ စားနပ်ရိက္ခာ ဖြတ်တောက်တဲ့အပေါ်မှာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာက အရင်ကထက် ပိုပြီးတော့ စိုးရိမ်မှုတွေ၊ ညဆို အိပ်မပျော်တာမျိုးတွေ ပိုဖြစ်လာတာပေါ့နော်။ တော်တော်လေးကို ညည်းတွားတာမျိုးတွေ တွေ့ရတာပေါ့နော်။ ပြီးတော့ ကယ်ကူရာမဲ့တဲ့ ပုံစံမျိုး။”

ဒီအခြေအနေတွေကြားမှာ စိတ်ဖိစီးမှုများပြီး ထွက်ပေါက်ရှာမရတာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြံစည်တာ၊ အကောင်အထည်ဖော်လိုက်တာတွေ ရှိနေပြီး အိမ်တွင်း အကြမ်းဖက်မှုတွေ အရင်ကထက် မြင့်လာတယ်လို့ KNWO ရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါကြောင့် တဖက်တလမ်းက ဝင်ငွေရစေဖို့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ တဖက်တလမ်းကနေ မီးဖိုချောင်အသုံးစရိတ် သက်သာချောင်ချိစေဖို့နဲ့ စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ပြီး မှိုဖောက်တာ၊ ပဲပင်ပေါက်ဖောက်တာ၊ ဆပ်ပြာဖျော်တာတွေကို နည်းပညာနဲ့ လက်တွေ့ ပေါင်းစပ်ပြီး ဇူလိုင်လထဲ ဝန်ဆောင်မှုပေးဖြစ်တယ်လို့ သိရပါတယ်။

“နိုင်ငံရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်လူထုတွေအတွက် အထူးသဖြင့် အမျိုးသမီးတွေအတွက် တပိုင်တနိုင် ဝင်ငွေရရှိအောင်၊ စစ်ရှောင်စခန်းတွေမှာ နေထိုင်တဲ့အခါမျိုးမှာ အလုပ်အကိုင်မရှိဘူးပေါ့နော်၊ အလုပ်အကိုင်မရှိတဲ့ အခါမျိုးမှာ မိသားစုအတွက် စားဝတ်နေရေးအတွက်ကလည်း ခက်ခဲတဲ့အခါမျိုးမှာ တဖက်တလမ်းကနေ မိသားစုအတွက် ဖူလုံအောင်၊ စိန်ခေါ်မှုတွေ အမျိုးမျိုးကြုံရလည်း စိတ်ဖိစီးမှုတွေ လျှော့ချနိုင်အောင် ဆိုပြီးတော့ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီး လုပ်ပေးဖြစ်တာဖြစ်တယ်။”

KNWO အနေနဲ့ အသက်မွေးဝမ်းကျောင်မှုဆိုင်ရာ ပရိုဂရမ်ကို အကောင်အထည်ဖော် ဆောင်ရွက်ထားပေးနေပြီး ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတွေ၊ မယ်စဲ့စစ်ရှောင်စခန်းတွေ၊ ကရင်နီပြည်တွင်းက စစ်ရှောင်စခန်းတွေမှာ ပို့ချပေးနေတာလို့လည်း သိရပါတယ်။

စစ်ရှောင်စခန်းက အမျိုးသမီးတွေဘက်ကလည်း စားဝတ်နေရေးနဲ့ အလုပ်အကိုင်အတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို ရေတိုမဟုတ်ဘဲ ရေရှည်ဝင်ငွေရရှိစေတာမျိုးတွေကို ဖန်တီးပေးဖို့ အမျိုးသမီးတွေကို တောင်းဆိုကြတယ်လို့လည်း ဆိုပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတယောက်ဖြစ်တဲ့ ဒေါနောအိုင်ဒေးက “သင်တန်းကနေ လက်တွေ့ ဘယ်လိုအသုံးချလဲဆိုတော့ မှိုတွေကို ကျမတို့ ရောင်းတယ်။ ပြီးတော့ အဖွဲ့တွေကို ပြန်မျှပြီး စားတယ်ပေါ့နော်။ မိသားစုအပေါ်မှာ ခွဲဝေစားကြတာ ရှိတယ်ပေါ့နော်။ သင်တန်းလာပေးခြင်းအားဖြင့် ဘယ်လိုလုပ်ဆောင်ရတယ်၊ မှိုကို ဘယ်လိုထိန်းသိမ်းရတယ်၊ အနေအထားကအစ ဘယ်လိုထားရတယ်ဆိုတာ နားလည်လိုက်ရတယ်။ မိသားစုအတွက် ဟင်းတခွက်လည်းဖြစ်တယ်။ ရောင်းချခြင်းအားဖြင့် ဝင်ငွေလည်းရတယ်” လို့ ပြောပါတယ်။

စက်ချုပ်သင်တန်းအတွက် စစ်ရှောင်ပြည်သူ ၁၄ ယောက်၊ မှိုသင်တန်းအတွက် ၂၅ ယောက်၊ ဆပ်ပြာသင်တန်းအတွက် အယောက် ၂၀၊ ပဲပင်ပေါက်သင်တန်းအတွက် ၆ ယောက်၊ လွယ်အိတ်သင်တန်းအတွက် ၄ ယောက်ကို သင်တန်းပို့ချပေးခဲ့တယ်လို့ သိရပါတယ်။

စိတ်ဖိစီးမှုများပြီး ဝင်ငွေမရှိလို့ စိတ်ထိခိုက်မိတဲ့ စစ်ရှောင်စခန်းတွေကို သွားပြီး စစ်ဘေးရှောင်ပြည်သူတွေ တတ်မြောက်ချင်တဲ့ အိမ်တွင်းမှုပညာရပ်တွေကို စစ်တမ်းကောက်ပြီးတဲ့နောက် စိတ်အပြောင်းအလဲ ဖြစ်စေဖို့နဲ့ ဝင်ငွေရစေဖို့ ပို့ချတာဖြစ်တယ်လို့ သိရပါတယ်။

နှင်းနှင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013