
တနင်္သာရီမြို့နယ်၊ တနင်္သာရီ-မောတောင် လမ်းပိုင်းရှိ အမှတ် ၉ ရွာကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KTLA ထီးဆဲ့မဲ့ရွာ တပ်ရင်းဆီက သိရပါတယ်။
ဇူလိုင် ၁၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီဘက်က အမှတ် ၉ ရွာကို လေကြောင်းနဲ့ ဗုံး ၂ ကြိမ်ကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတယောက် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တလုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ရာမှာ ဂျက်ဖိုက်တာ လေယာဥ်အမျိုးအစားကို အသုံးပြုပြီး နေအိမ်ကို ဗုံးကြဲတာအပြင် ပွိုင့်ဖိုက်စက်သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေနဲ့ KTLA ထီးဆဲ့မဲ့ရွာတပ်ရင်းဆီက သိရပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး KTLA ထီးဆဲ့မဲ့ရွာတပ်ရင်း ပြန်ကြားရေးတာဝန်ခံက “မြေပြင်မှာက တိုက်ပွဲမဖြစ်ဘူး။ အမှတ် ၉ ရွာက တိုက်ပွဲ တခါမှ မရှိဖူးဘူး။ တိုက်ပွဲမရှိဘဲနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာပါ” လို့ ပြောပါတယ်။
တနင်္သာရီ-မောတောင်လမ်းရှိ အမှတ် ၉ ရွာနဲ့ ခန့်မှန်း ၂၇ မိုင်ခန့် အကွာအဝေးရှိ သိန်ခွန်းရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။