Home
မြန်မာသတင်း
စက်ရုံအလုပ်သမားများကို စစ်ကောင်စီတပ်က အဓမ္မဖမ်းဆီး စစ်မှုထမ်းခိုင်းနေ
DVB
·
July 7, 2025

စစ်ကောင်စီတပ်က  စက်ရုံလုပ်သားတွေကို အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းနေတာမှာ  ၆ လအတွင်း အဖမ်းခံရတဲ့ အလုပ်သမား အယောက် ၅၀ ကျော်ရှိတယ်လို့ ပြည်တွင်း အလုပ်သမားအရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။

စက်ရုံကနေ အလုပ်ချိန်ပြီးလို့ ပြန်လာသူတွေ၊ ညအချိန်မတော်အထိ အချိန်ပိုဆင်းပြီး ပြန်လာသူတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးဖမ်းဆီးတာရှိသလို လုပ်ငန်းခွင်ထဲမှာ အခွင့်အရေးတောင်းဆိုလို့ စစ်တပ်ခေါ်ဖမ်းဆီးခိုင်းကာ စစ်မှုထမ်းထဲ ထည့်လိုက်တာ ရှိနေတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) အဖွဲ့ဝင်တယောက်က “စစ်တပ်က အကြောင်းအမျိုးမျိုးပြဖမ်းဆီးပြီး ဥပဒေကြောင်းအတိုင်း ဖြေရှင်းဖို့ သက်ဆိုင်ရာဌာနတွေဆီ မလွှဲပြောင်းပေးဘဲ အတင်းအကျပ် စစ်မှုထမ်းခိုင်းတာတွေ လုပ်နေတာ” လို့ ပြောပါတယ်။

MICS-TUsF ရဲ့ ပြည်တွင်းအလုပ်သမားအရေးနဲ့ပတ်သက်လို့ ပြုစုထားတဲ့စာရင်းတွေအရလည်း အလုပ်ရှင်၊ စစ်တပ်နဲ့ ရဲတို့ ပူးပေါင်းကြံစည်ဖမ်းဆီးပြီး ပြန်လွှတ်မလာဘဲ စစ်မှုထမ်းဖို့ ပါသွားသူအများကြီးရှိတယ်လို့ သိရပါတယ်။

ဒီနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ လုပ်ငန်းခွင်ကိစ္စမှာ စစ်တပ်က ပါဝင်ပတ်သက်တာ၊ ဖမ်းဆီးပြီး စစ်မှုထမ်းစေခိုင်းခံရတဲ့အမှု ၅၂ မှုလက်ခံရရှိပြီး ဖမ်းဆီးခံရတဲ့အလုပ်သမား ၅၂ ယောက်ထဲက ၃ ယောက်ပဲ ပြန်လွတ်လာတယ်လို့ MICS-TUsF အဖွဲ့ဝင်က ပြောပါတယ်။

အဲဒီအမှုတွေထဲမှာ လုပ်ခလစာနဲ့ပတ်သက်လို့ အပြည့်မပေးဘဲ စစ်တပ်ခေါ်ပြီး ဖိအားပေးခြိမ်းခြောက်တဲ့အမှု ၄ မှု၊ အချိန်ပို ခေါ်တာနဲ့ပတ်သက်လို့ စစ်တပ်ကပါဝင်ပတ်သက်တာ ၁၁ မှုရှိပြီး အလုပ်သမားတယောက်ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။

နောက်ပြီး ခွင့်နဲ့အလုပ်ပိတ်ရက် မရတာ ၅ မှု၊ လုပ်ငန်းခွင်အမှု ၁၀ မှု ရှိကာ အလုပ်သမား ၅ ယောက်ဖမ်းဆီးခံရပြီး ၃ ယောက်ပဲ ဒဏ်ငွေနဲ့ ပြန်လွတ်လာတယ်လို့ MICS-TUsF  အချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင် အချိန်ပိုဆင်းပြီး အပြန်ဖမ်းဆီးခံရတဲ့အမှု ၇ မှုမှာ အလုပ်သမား ၁၅ ယောက်အဖမ်းခံရပြီး ၂ ယောက်ပဲ ဒဏ်ငွေနဲ့ ပြန်လွတ်သလို လမ်းပေါ်မှာ အဖမ်းခံရတဲ့အမှု ၅ မှုမှာအလုပ်သမား ၁၆ ယောက်၊ အိမ်မှာ အဖမ်းခံရတဲ့အမှု ၁၀ မှုမှာအလုပ်သမား ၁၅ ယောက်ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူမရှိသေးဘူးလို့ ဆိုပါတယ်။

အဲဒီလိုဖမ်းဆီးတာကို ပြီးခဲ့တဲ့နှစ်ကတည်းက ကျူးလွန်နေတာဖြစ်ပြီးအဲဒီနှစ်မှာ လက်ခံရရှိတဲ့အမှု ၁၅၇ မှုကနေ ဖမ်းဆီးခံရတဲ့အလုပ်သမား ၃၅၈ ယောက် ရှိကာ ပြန်လွတ်လာတာ ၁၈၆ ယောက် ရှိပါတယ်။

အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းစေတာကို  ရွှေပြည်သာနဲ့ တောင်ဒဂုံစက်ဇုန်လိုနေရာမျိုးမှာ အဖြစ်များတာတွေ့ရတယ်လို့  MICS-TUsF အဖွဲ့ဝင်တယောက်က ပြောပါတယ်။

အလုပ်သမားတွေကို ဖမ်းဆီးစစ်မှုထမ်းခိုင်းတာဟာ စစ်မှုထမ်းဥပဒေအတိုင်း လုပ်ဆောင်တာ မဟုတ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)က တားမြစ်ထားတဲ့ အဓမ္မခိုင်းစေမှု ပြဋ္ဌာန်းချက်ကို ချိုးဖောက်ကျူးလွန်ရာရောက်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ပြည်တွင်းအလုပ်သမားအရေးလှုပ်ရှားသူတယောက်က "စစ်ကောင်စီကို ထိထိရောက်ရောက် အရေးမယူနိုင်ရင်  ဒီကျူးလွန်ချိုးဖောက်မှုတွေက ဆက်ဖြစ်နေမှာပဲ"လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ILO ပြဋ္ဌာန်းချက်အမှတ် ၂၉ ဖြစ်တဲ့ အဓမ္မခိုင်းစေမှုဆိုတဲ့အချက်ကို လိုက်နာမယ်ဆိုပြီး လက်မှတ်ရေးထိုးထားပေမဲ့ အာဏာသိမ်းပြီးနောက်မှာ ချိုးဖောက်ကျူးလွန်နေ တာကြောင့် ILO ကနေ ပုဒ်မ ၃၃ နဲ့ အမြင့်ဆုံးအရေးယူဖို့ ဆုံးဖြတ်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013