Home
သတင်းဓာတ်ပုံ
ဖားဆောင်းနှင့် မိုးဗြဲတိုက်ပွဲတွင် ရဲဘော် ၂ ဦးကျဆုံး
DVB
·
July 5, 2025

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှာ  Loikaw PDF တပ်ရင်းက ရဲဘော်တယောက်နဲ့ မိုးဗြဲတိုက်ပွဲမှာ Mobye PDF က တပ်စိပ်မှူး ရဲဘော်ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းတွေက ဇူလိုင် ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အမှတ် ၁၀၀၇ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ က တပ်စိပ်မှူးဖြစ်တဲ့ ရဲဘော် ဖရန်စစ္စကို (ခ) ဖကြောင် ဟာ ဇွန် ၃၀ ရက်နေ့က မိုးဗြဲတိုက်ပွဲတနေရာမှာ စစ်ကောင်စီတပ်ကို တော်လှန်ရင်း  ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Loikaw PDF တပ်က ရဲဘော် ဒေးဗစ် (ခ) နေဝင်း ဟာ ဖားဆောင်းအခြေစိုက် ခလရ ၁၃၄ စခန်းကို ဝင်ရောက်သိမ်းပိုက်ချိန် ဇွန် ၂၆ ရက်နေ့မှာ ကျဆုံးခဲ့ပြီး ဇွန် ၂၈ ရက်နေ့မှာ စျာပနပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

မြေပြင်ရဲဘော်တယောက်က “တိုက်ပွဲတွေကပြင်းထန်နေတော့ အကျအဆုံးတွေလည်းရှိတယ်။ ထိခိုက်မိတာလည်းရှိတယ်။ ၁၃၄ ကတော့ ရသွားပြီ။ ၁၃၅ ကတော့ ဆက်ယူဖို့ရှိတယ်” လို့ ပြောပါတယ်။

တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းခဲ့ပြီး စွမ်းရည်ပြည့်ဝတဲ့ ရဲဘော်တွေ ဆုံးရှုံးရတာကြောင့် မိသားစုနဲ့ထပ်တူဝမ်းနည်းရပြီး ကျဆုံးရသူတွေကို အာဇာနည်သူရဲကောင်းအဖြစ် အလေးပြုရင်း မပြီးဆုံးသေးတဲ့တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ ဆက်လက်ပါဝင်သွားမယ်လို့ တပ်ရင်းတွေက ထုတ်ပြန်ထားပါတယ်။

ခုလက်ရှိမှာ မိုးဗြဲလမ်းမကြီးနဲ့ မြို့ပေါ်ကနေရာတွေကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက တပ်စွဲထားပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

ဖားဆောင်းဘက်မှာတော့ စစ်ကောင်စီရဲ့ ၁၃၄ စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် အစုံရခဲ့သလို စစ်ကောင်စီရဲ့ FTC-2000G အမျိုးအစား လေယာဉ်တစင်းကိုလည်း ပစ်ချနိုင်ခဲ့တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013