Home
မြန်မာသတင်း
မောင်တောနယ်စပ်က AA စခန်းကို   ARSA တိုက်ခိုက်
DVB
·
July 4, 2025

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဗန္ဒူလကျေးရွာအနီးရှိ အာရက္ခတပ်တော် (AA) ရဲ့ တပ်စခန်းတခုကို ရိုဟင်ဂျာ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ ARSA အဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် AA တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ARSA အဖွဲ့က ဇွန် ၂၈ ရက်မှာ အာရက္ခတပ်တော်ရဲ့ နယ်စပ်ဒေသရှိ တပ်စခန်းတခုကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ရတာလို့ မောင်တောမြို့နယ်မြောက်ပိုင်းက ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ဗန္ဒူလကျေးရွာအနီး ဘင်္ဂလားဒေ့ရှ်နယ်စပ် တပ်စခန်းတခုကို ARSA က အင်အားအလုံးအရင်းနဲ့ အလစ်အငိုက် ဝင်တိုက်တာ။ AA ဘက်ကတော့ သေဆုံးမှုတချို့ ရှိတယ်လို့ သိရတယ်။ ဘယ်လောက်ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ အရင်ကဆိုရင် ARSA က တောင်ပြိုလမ်းပိုင်းမှာပဲ လှုပ်ရှားတာကနေ အခု ဗန္ဒူလလမ်းပိုင်းအထိ လှုပ်ရှားလာတာပေါ့။ လက်နက်ကိုင်တွေတောင် တိုက်ခိုက်မှုခံကြရတော့ အရပ်သားတွေအတွက် ပိုပြီးစိုးရိမ်စရာ ဖြစ်လာတယ်။”

ဇွန် ၂၈ ရက်က အာရက္ခတပ်တော်ရဲ့ စခန်းကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း ARSA ဘက်က ထုတ်ပြန်ထားတဲ့ ဗီဒီယိုဖိုင်မှာ အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင် ၄ ယောက်ထက်မနည်း သေဆုံးနေတာကိုလည်း တွေ့ရပြီး အာရက္ခတပ်တော်ဘက်ကတော့ အဲဒီတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာမျိုး မတွေ့ရပါဘူး။

ARSA အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ အခြေစိုက်ပြီး လူသစ်စုဆောင်းပြီးတော့ ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းမှာ ချုံခိုတိုက်ခိုက်မှုတွေကို အဓိက ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်ဖို့အတွက် မွတ်ဆလင်လက်နက်ကိုင်တွေဟာ လူသစ်စုဆောင်းမှုတွေ ပြုလုပ်နေကြတယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) က ဇွန် ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်းမှာ ARSA အဖွဲ့က ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ချုံခိုတိုက်ခိုက်မှုပေါင်း ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ကုန်သည်တွေနဲ့ အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသခံတွေ ပြောကြားချက်နဲ့ AA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မွတ်ဆလင်လက်နက်ကိုင် ARSA အဖွဲ့ဟာ မောင်တောနဲ့ ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့အတူ ပူးပေါင်းပြီး AA ရဲ့ ထိုးစစ်တွေကို ခုခံတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြတဲ့ လက်နက်ကိုင် အဖွဲ့တခု ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013