Home
မြန်မာသတင်း
ကျောက်ဖြူအခြေစိုက် ခလရ ၃၄ ကို AA တပ်ဖွဲ့က လက်နက်ကြီးဖြင့် စတိုက်ခိုက်
DVB
·
June 16, 2025
Photo: AA

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၄ ခြေလျင်တပ်ရင်းဌာနချုပ်ကို ဇွန် ၁၅ ရက် ညနေမှာ အာရက္ခတပ်တော် (AA) က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဖြူမြို့ခံတွေက ပြောပါတယ်။

ဇွန် ၁၅ ရက် ညနေ ၇ နာရီကျော်ခန့်မှာ စစ်ကောင်စီရဲ့ ခလရ ၃၄ တပ်ရင်းကို အာရက္ခတပ်တော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အရှေ့ဘက်ဝင်ပေါက်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကျောက်ဖြူမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“မနေ့က ကျောက်ဖြူမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ ၃၄ တပ်ရင်းကို AA က လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့တာ။ လက်နက်ကြီးပေါက်ကွဲသံ ၃၊ ၄ ချက်လောက် ကြားလိုက်တယ်။ ခလရ ၃၄ တပ်ရင်းရဲ့ အရှေ့ဘက်ဝင်ပေါက်အနီးမှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရတယ်။ မြို့ထဲမှာလည်း မြို့ခံတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေကြပြီ။”

အခုတိုက်ခိုက်ခံရတဲ့ ခလရ ၃၄ တပ်ရင်းဟာ ကျောက်ဖြူလေဆိပ်နဲ့ ကပ်လျက်ရှိနေတာဖြစ်ပြီး ကျောက်ဖြူမြို့ရဲ့ ချင်းသစ်ရပ်ကွက်နဲ့ အစိုးရရပ်ကွက်တို့ကြားမှာ တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်က မြို့နဲ့ ၆ မိုင်ခန့်အကွာမှာရှိတဲ့ အမှတ် ၃၂  ရဲတပ်ရင်းအပြင် မြို့နဲ့ ၃ မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၅၄၃ တပ်ရင်း တို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဇွန် ၁၆ ရက်အထိ ကျောက်ဖြူမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က ရေကြောင်းပစ်ကူတွေနဲ့ အဓိက ခုခံတိုက်ခိုက်နေတယ်လို့ ကျောက်ဖြူမြို့နယ်က စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ကျောက်ဖြူမှာက တိုက်ပွဲတွေ ဒီနေ့လည်း ပြင်းထန်နေတယ်။ မြေပြင်တိုက်ပွဲကတော့ အမှတ် ၃၂ ရဲတပ်ရင်းမှာ ဆက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာရှိတယ်။ တခြား ကျောက်ဖြူမှာရှိတဲ့ ခြေမြန်၊ မြေလျင် တပ်ရင်းတွေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတချို့ ရှိတယ်။ စစ်ကောင်စီကတော့ ရေကြောင်းပစ်ကူနဲ့ အဓိက ပစ်ကူပေးနေတာရှိပြီး လေကြောင်းပစ်ကူလည်း ပေးနေတာရှိတယ်။”

ကျောက်ဖြူတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်ကြောင်းလိုက် အလင်းဝင်နေကြသလို ဗိုလ်မှူးချုပ်အဆင့်ရှိသူတယောက် အပါအဝင် ဗျူဟာမှူး၊ ဗိုလ်မှူးတွေကို အသေပစ်ခတ်နိုင်ခဲ့ပြီး တိုင်းစစ်ဦးစီးမှူး ဒုတိယဗိုလ်မှူးကြီး အဆင့်တွေကိုလည်း လက်ရဖမ်းဆီးရမိထားတာတွေလည်း ရှိပါတယ်။

ကျောက်ဖြူမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်ကတည်းက တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိမှာ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်တွေအထိ အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013