Home
မြန်မာသတင်း
ကျောက်ဖြူက ဒဏ်ရာရစစ်သားများကို လေယာဉ်ဖြင့် ရန်ကုန်သို့ပို့နေ
DVB
·
June 14, 2025
KyaukPhyu

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကတိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ဆေးကုသဖို့ ရန်ကုန်ကိုလေကြောင်းကနေတဆင့် ပို့ဆောင်နေတယ်လို့ ကျောက်ဖြူမြို့ခံတွေဆီက သိရပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းမှာ အမှတ် ၃၂ ရဲတပ်ရင်းကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲတွေအတွင်း ဒဏ်ရာအပြင်းအထန်ရရှိတဲ့ စစ်ကောင်စီတပ်က အရာရှိတွေနဲ့ တပ်သားတွေကို ကျောက်ဖြူဆေးရုံမှာကုသနေသလို ဒဏ်ရာပြင်းထန်သူတချို့ကို လေကြောင်းကနေတဆင့်ရန်ကုန်ကို ပို့နေတာလို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ ကျောက်ဖြူမြို့ခံတယောက်က ပြောပါတယ်။

“ကျောက်ဖြူတိုက်ပွဲမှာ ဒဏ်ရာရစစ်သည်တွေကိုတော့ ကျောက်ဖြူမှာအရင်ဆုံး ဆေးကုသတယ်။ အခုက ကျောက်ဖြူဆေးရုံမှာက ဆေးဝါးနဲ့ကိရိယာတန်ဆာပလာရော၊ ဝန်ထမ်းအင်အားရော လုံလောက်မှုမရှိဘူး။ အဲဒါကြောင့် အရာရှိတွေနဲ့ ဒဏ်ရာရစစ်သည်တချို့ကို ရန်ကုန်ဘက်ကို လေကြောင်းကနေ တဆင့်ပို့ဆောင်နေတာရှိတယ်” လို့ပြောပါတယ်။

လက်ရှိမှာ ကျောက်ဖြူဆေးရုံကိုလည်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒဏ်ရာရစစ်ကောင်စီတပ်သားတွေကို လေကြောင်းကနေ ရန်ကုန်ကိုပို့နေလို့ ကျောက်ဖြူကနေ ရန်ကုန်ကို သွားမယ့်သူတွေ လေယာဉ်လက်မှတ်ဝယ်ယူရခက်ခဲလာတယ်လို့ ကျောက်ဖြူမြို့ခံတယောက်က ပြောပါတယ်။

“လေယာဉ်လက်မှတ်တွေက အရင်ကလို အလွယ်တကူဝယ်ယူလို့မရဘူး။ ထွေအုပ်က ရောင်းတဲ့အထဲမှာ စစ်ကောင်စီရဲ့တပ်သားတွေအတွက်ဆိုပြီး လက်မှတ်တွေကထားရတယ်လို့ သိရတယ်။ အဓိကတော့ ဒဏ်ရာရစစ်သားတွေကို နေ့တိုင်းလိုလို ရန်ကုန်ဘက်ကို ပို့ဆောင်နေတာရှိတယ်။ လက်မှတ်ခတွေကလည်း ၅ သိန်းအထိ ဖြစ်နေပြီ”

အမှတ် ၃၂ ရဲတပ်ရင်းကို AA က ဇွန် ၉ ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီမတိုင်ခင် မင်းတပ်တောင်နဲ့ နှင်းဖဲတောင်အနီးတိုက်ပွဲတွေမှာလည်း စစ်ကောင်စီရဲ့ ဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးချုပ်တွေ အပါအဝင် အရာရှိတချို့သေဆုံးခဲ့ကြသလို ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတွေကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ဇွန် ၁၄ ရက်နေ့အထိ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ကြပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ကျောက်ဖြူမြို့ခံတွေကပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013