Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် လက်ရှိအခြေအနေ မည်သူမှ တိတိကျကျမသိ
DVB
·
July 3, 2025

နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေကို ဘယ်သူမှ တိတိကျကျ မသိရဘဲ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ မှတ်တမ်းဟောင်းတွေကို ကိုးကားထားတာသာဖြစ်တယ်လို့ နေပြည်တော် အချုပ်ထောင်နဲ့ နီးစပ်သူက မှတ်ချက်ပေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မိနစ်အလိုက် စောင့်ကြည့်ထားတဲ့ စီစီတီဗွီမှတ်တမ်း အပါအဝင် ဂါးဒီးယန်းသတင်းဌာနက ထုတ်ပြန်တဲ့ တရားခွင်ရုပ်သံနဲ့ အွန်လိုင်းမှာ ပြန့်နေတဲ့ တရားရုံး ထွက်ဆိုချက် မှတ်တမ်းတွေဟာ သူ့ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ မတိုင်ခင် တရက်အလို ဇွန် ၁၈ ရက်မှာ ပေါက်ကြားခဲ့တာပါ။

အခုရက်ပိုင်းအတွင်း သတင်းဌာနတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပေမဲ့ အဲဒီသတင်းတွေဟာ မှတ်တမ်းဟောင်းတွေ အပေါ်မှာ အခြေခံ ရေးသားထားတဲ့ သတင်းတွေသာ ဖြစ်ပြီး လက်ရှိအခြေအနေ အတိအကျကိုတော့ သူ့ရဲ့မိသားစု၊ ရှေ့နေအဖွဲ့၊ အချုပ်ထောင်နဲ့ နီးစပ်သူတွေကိုယ်တိုင် ဘာမှမသိရသေးဘူးလို့ ဆိုပါတယ်။

နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က “အတိအကျ ဘာမှမကြားရဘူး၊ သေချာတာတော့ ဒုဝန်ကြီးအဆင့်ရှိတဲ့ အိမ်မှာ ထားတယ်လို့ပဲ သိတယ်။ ဟိုးအရင် စစ်ထားတာ ပထမပိုင်းအမှုတွေက အဲဒီအပေါ်မှာ သတင်းအနေနဲ့ ပြန်ပြန်ဆက်စပ်ပြီးတော့ ရေးတဲ့သဘောမျိုး ဖြစ်နေတယ်။ အခုမှသတင်းတော့ မဟုတ်ဘူး။ လိုရင်းက ဥပဒေအရပြောရင် ဒီ ၂၀၀၈ ကို တည်ဆဲလို့ လက်ခံတယ်ဆိုရင် ၂၀၀၈ အရ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးတွေ ရှိတယ်လေ။ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးတွေ၊ နောက် ၂၀၀၈ အရပဲ တန်းတူအခွင့်အရေးတွေ ရှိတယ်လေ။ အဲဒီအခွင့်အရေးတွေအရတော့ သိခွင့်ရှိရမယ်။ ဟိုး နဝတခေတ်ကတောင်မှ ICRC နဲ့ ပြောခွင့်ပေးတယ်၊ စာတွေရေးခွင့်ပေးတယ်၊ သူ့အိမ် မိသားစုတွေ အကြောင်းကြားတာ အဲဒါတွေကတော့ လုပ်ခွင့်ရှိရမှာလေ” လို့ ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ ပေါက်ကြားမှုတွေထဲမှာ ဒေါ်အောင်းဆန်းစုကြည်ရဲ့ နေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်း အခြေအနေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့နဲ့ပတ်သက်တဲ့ ဖြေကြားချက်၊ ဒေါ်အောင်ဆန်းစုကြည်ကို မိနစ်အလိုက် စောင့်ကြည့်ထားတဲ့ ထောင်တွင်း စီစီတီဗွီမှတ်တမ်းတွေကို မီဒီယာတွေက ကိုးကားပြီး သတင်းရေးသားကြတာ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာ စစ်ကောင်စီက သူတို့အသိပေး သတင်းဖြန့်ချင်တဲ့ အချက်အလက်တွေကို ရွေးချယ်ပြီး ရည်ရွယ်ချက်ရှိရှိ ပေါက်ကြားစေခဲ့တာသာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က သုံးသပ်ပါတယ်။

“ဒါကတော့ ဂါးဒီးယန်းကနေပြီးတော့ ပေါက်ကြားလာတာပေါ့။ နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိဘူး။ တို့အခေါ်တော့ ထောင်ကျဝတ်စုံပေါ့၊ အချုပ်ဝတ်စုံရှိတယ်၊ အကျဝတ်စုံရှိတယ်၊ အခုကတော့ အကျဝတ်စုံနဲ့ အစ်ကိုတို့ တွေ့လိုက်ရတာပေါ့နော်။ အရှက်အကြောက်ကြီးတဲ့ အမျိုးသမီးလေ။ အဲဒါကြီးကို စီစီတီဗွီကြီးနဲ့ စောင့်ကြည့်နေတဲ့ အခါကျတော့ သူ့အတွက်က စိတ်ပိုင်းဆိုင်ရာကလည်း ထိခိုက်တာပေါ့ဗျာ၊ နစ်နာတယ်ပေါ့ဗျာ။ သူ့ဘာသာသူ ကောင်းကောင်းမွန်မွန် ထားတယ်ပြောပြော၊ ထမင်းကို ၂ ဇွန်းပဲ စားတယ်ပြောပြော အဲဒါတွေ အကုန်လုံးကတော့ အစ်ကိုတို့က လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိ စနစ်တကျ နိုင်ငံရေးအရ အာဂျန်ဒါတခုနဲ့ လုပ်နေတယ်လို့တော့ အစ်ကိုကတော့ ရှုမြင်သုံးသပ်တယ်။”

လူထုခေါင်းဆောင်ဟာ အကျဉ်းထောင်ထဲမှာ စာဖတ်တာ၊ တရားထိုင်တာတွေ လုပ်နေပြီး နေ့လယ်စာကို ထမင်း ၂ ဇွန်း၊ ဟင်းနဲ့ ကိတ်နည်းနည်းပဲ စားတယ်လို့ တရားရုံးထွက်ဆိုချက် မှတ်တမ်းမှာ ပါရှိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို အာဏာသိမ်းစစ်တပ်က ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခဲ့တဲ့ အကြောင်းအရင်းကို တရားစွဲကြောင်းပြောပြီး ၃ လနီးပါးအကြာမှ ဂဃနဏ သိခဲ့ရတယ်လို့ ထွက်ပေါ်လာတဲ့ တရားရုံး ထွက်ဆိုချက်တွေအရ သိရပါတယ်။

သူ့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲထားတယ်လို့ ဇမ္ဗူသီရိတရားရုံးက ၂၀၂၁ ခုနှစ် မတ် ၁ ရက်က အွန်လိုင်းက ကြားနာခဲ့တဲ့ တရားခွင်မှာ ပြောခဲ့ပေမဲ့ ဘာကြောင့် စွဲဆိုခဲ့တာလဲ ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

အွန်လိုင်းကလုပ်တဲ့ နောက်ထပ် ကြားနာပွဲတခုမှာ ရဲအရာရှိတယောက်က NLD ပါတီ ထုတ်ပြန်ချက်ကြောင့်လို့ ပြောခဲ့ပေမဲ့ အသေးစိတ်ကို မသိခဲ့ရဘဲ ၂၀၂၁ မေလကုန်ခါနီးမှာ လုပ်ခဲ့တဲ့ တရားရုံးထုတ်မှာ သူ့ရဲ့ရှေ့နေတွေက ပြောမှ သိခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထွက်ဆိုချက်မှာ ပါရှိပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅(ခ) အပါအဝင် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားတာပါ။

သူ့ကို သီးသန့် လျှို့ဝှက်နေရာတခုမှာ ချုပ်နှောင်ထားပြီး လုံခြုံရေးကင်မရာတွေကတဆင့် ၂၄ နာရီ စောင့်ကြည့်နေတယ်လို့ CDM တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲဒီထုတ်ပြန်ချက်ပါ အချက်အလက်တွေကို သတင်းပေးတွေဆီက ရခဲ့တာလို့ ပြည်သူ့ရင်ခွင်က ဆိုပါတယ်။

ဂါးဒီးယန်းသတင်းဌာနရဲ့ တရားခွင် ရုပ်သံမှတ်တမ်းကတော့ ၂၀၂၂ ခုနှစ်တုန်းက မှတ်တမ်းဖြစ်ပြီး ရှေ့နေအဖွဲ့ဟာ ၂၀၂၂ ဒီဇင်ဘာလကစပြီး အချိန် ၂ နှစ်ခွဲကျော် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံခွင့် မရတော့ဘဲ အဆက်အသွယ် ပြတ်နေခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် လိုအပ်တဲ့ အစားအသောက်၊ ဆေးဝါးနဲ့ စာအုပ်တချို့ကို NLD ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူရဲ့ ဇနီးက ပေးပို့နေတယ်လို့ သိရပေမဲ့ လက်ခံရမရတော့ အတိအကျ မသိရပါဘူး။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို လက်ကျန်ပုဒ်မပေါင်း ၁၄ ခုနဲ့ ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ထားတာ ဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013