Home
မြန်မာသတင်း
ရွေးကောက်ပွဲစနစ်ကို တနိုင်ငံလုံး မဲဆန္ဒနယ် အကျယ်အဝန်းအပေါ် မူတည်ပြီး သတ်မှတ်မည်
DVB
·
July 2, 2025

အာဏာသိမ်းစစ်ကောင်စီက ဒီနှစ်အကုန် နောက်နှစ်အစပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ကျင့်သုံးမယ့် ရွေးကောက်ပွဲစနစ်ကို တနိုင်ငံလုံးရဲ့ မဲဆန္ဒနယ် အကျယ်အဝန်းအပေါ်မှာ မူတည်ပြီး သတ်မှတ်မယ်လို့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ပြောပါတယ်။

လက်ရှိအချိန်မှာ တနိုင်ငံလုံးအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ် အရေအတွက်ကိုလည်း တိတိကျကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေမဲ့ ရွေးကောက်ပွဲကျင်းပဖို့ လိုအပ်တဲ့ အရာအားလုံးကို ပြင်ဆင်ပြီးဖြစ်တဲ့အကြောင်းလည်း ပြောဆိုခဲ့တယ်လို့ ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်ဟာ ရွေးကောက်ပွဲကျင်းပဖို့နဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဆွေးနွေးချက်ပေါင်း ၁၀၀ ကျော်ကို သဘောတူခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက အသိအမှတ်မပြုဘူးလို့ ထုတ်ပြန်ထားပါတယ်။

အခုလို ဆန့်ကျင်ကြတာဟာ အာဏာသိမ်းစစ်ကောင်စီက နယ်မြေအများအစုကို ထိန်းချုပ်ထားနိုင်ခြင်း မရှိဘဲ လက်လွှတ်ထားရသလို လူထုအားလုံးကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ မဖြစ်တာကြောင့် ဆန့်ကျင်တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တယောက်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်က နိုင်ငံရေးပါတီ ထူထောင်ခွင့်ကို ဖျက်သိမ်းခြင်းခံခဲ့ရတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကတော့ စစ်ကောင်စီဘက်က ကျင်းပဖို့ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်ရှာတဲ့ ရွေးကောက်ပွဲတခုထက် မပိုဘူးလို့ မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲကျင်းပနိုင်မယ့် မဲဆန္ဒနယ် အရေအတွက်ကို အခုချိန်ထိ ကြေညာနိုင်ခြင်း မရှိသေးသလို ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ ပြုလုပ်မယ့် ရွေးကောက်ပွဲစနစ်ကိုလည်း တိတိကျကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

အောင်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013