Home
မြန်မာသတင်း
ပြည်ပထွက်အလုပ်လုပ်ခွင့် ထိန်းချုပ်ပြီးနောက် အေဂျင်စီအသစ်လျှောက်ထားမှု နည်းလာ
DVB
·
July 1, 2025

စစ်ကောင်စီက ပြည်ပထွက် အလုပ်လုပ်တာကို ကန့်သတ်ထိန်းချုပ်တာတွေ လုပ်လာပြီးနောက်မှာ ပြည်ပအလုပ်အကိုင် အေဂျင်စီအသစ် လျှောက်ထားတာတွေ မရှိသလောက် ဖြစ်လာတယ်လို့ အဲဒီလုပ်ငန်း အသိုက်အဝန်းဆီက သိရပါတယ်။

စစ်ကောင်စီက အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ထားသလို မတ်လကစပြီး ပြည်ပထွက် အလုပ်လုပ်မယ့်သူတွေ မဖြစ်မနေ လိုအပ်တဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံလက်မှတ် (OWIC) ကို အေဂျင်စီတခုချင်းအလိုက် လျှောက်ထားရမယ့် လုပ်သားဦးရေစာရင်း ကန့်သတ်ထားတာ ဖြစ်ပါတယ်။

မတ်လမတိုင်ခင်အချိန်အထိ ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ် ဖွင့်လှစ်လုပ်ကိုင်တဲ့ အရေအတွက် ဆက်တိုက်မြင့်တက်ခဲ့ပေမဲ့ အခုလို ကန့်သတ်၊ ထိန်းချုပ်လိုက်ပြီးနောက်မှာ အေဂျင်စီအသစ် လျှောက်ထားတာ မရှိသလောက် ဖြစ်သွားတာလို့ စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်တယောက်က ဆိုပါတယ်။

“အသစ်လျှောက်တာတွေ ရပ်ကုန်တာ။ လျှောက်လာရင် ထပ်ချပေးဖို့က ရှိတယ်။ လက်ရှိ အခြေအနေအရ အရဲစွန့်ပြီး မလုပ်ချင်တော့လို့လည်း နေမှာ။”

အဲဒီလို ပြည်ပထွက် အလုပ်လုပ်တဲ့အပေါ် ကန့်သတ်၊ ထိန်းချုပ်တဲ့ မူဝါဒ စတင်တဲ့ မတ်လမှာ အေဂျင်စီအသစ် ၂ ခုနဲ့ မေလမှာ တခုပဲ ထပ်တိုးတာရှိခဲ့ပြီး ဧပြီနဲ့ ဇွန်လမှာ အေဂျင်စီအသစ်ဖွင့်တာ မရှိဘူးလို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

အေဂျင်စီတွေအနေနဲ့ အရင်လို ပြည်ပကို အလုပ်သမား ပို့ချင်သလောက် ပို့မရတော့တာ၊ အသက် ၃၅ နှစ်အောက် ယောက်ျားလေး ပို့မရတာတွေကြောင့် လုပ်ကိုင်ရခက်ခဲလာပြီး တချို့အေဂျင်စီတွေ အလုပ်ရပ်ထားရတဲ့အထိ ကြုံနေရတယ်လို့ အဲဒီလုပ်ငန်း လုပ်ကိုင်နေသူတွေက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “အလုပ်လုပ်လို့ မကောင်းတဲ့အချိန် ဖြစ်နေတာမို့လို့ အခြေအနေအရ လုပ်ငန်းရပ်ထားရတာတွေတောင် ရှိနေတာ၊ အသစ်တွေ ဘယ်ထပ်ဝင်ရဲတော့မလဲ။ ဒီကြားထဲ လိုင်စင်ကြေးပါ ထပ်တိုးမယ် ကြားနေတော့ ပိုဆိုးတာပေါ့” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်အချိန်က ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ လောက်ပဲ ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာ အေဂျင်စီ ၆၀၀ ကျော် ရှိလာတဲ့အထိ တရှိန်ထိုး များလာခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013