Home
မြန်မာသတင်း
စမတ်ကတ်ဖြင့်သာ ပင်စင်လစာထုတ်ပေးသဖြင့် ပင်စင်စားများ အခက်ကြုံ
DVB
·
July 1, 2025

မြန်မာပြည်တွင်းက အငြိမ်းစားဝန်ထမ်းတွေ ပင်စင်လစာထုတ်ယူရာမှာ စမတ်ကတ်ပါမှ ပင်စင်လစာထုတ်ပေးမယ်ဆိုတဲ့ ကြေညာချက်ကြောင့် ပင်စင် အငြိမ်းစား အခြေခံလူတန်းစားတွေနဲ့ သက်ကြီးပင်စင်စားတွေအနေနဲ့ အခက်ကြုံနေရပါတယ်။

မြန်မာနိုင်ငံက အငြိမ်းစားဝန်ထမ်းတွေကို ထောက်ပံ့ပေးနေတဲ့ ပင်စင်လစာကို လာရောက် ထုတ်ယူရာမှာ UID ကတ် Unique Identification Number Card (အများအခေါ် စမတ်ကတ်) မပါရင် ထုတ်မပေးတော့ကြောင်း သက်ဆိုင်ရာဘဏ်တွေမှာ ကြေညာစာကပ်ပြီး အသိပေး နေတာပါ။

UID ကတ် (စမတ်ကတ်) လုပ်ရာမှာလည်း အခက်အခဲတွေ အများအပြား ရှိနေတဲ့အတွက် အငြိမ်းစားဝန်ထမ်းတွေ အနေနဲ့ အခက်အခဲတွေ ကြုံနေကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မှာ စမတ်ကတ်မပါဘဲ ပင်စင်လစာ သွားထုတ်တဲ့အခါ နောက်တခေါက် ကစပြီး ထုတ်ပေးတော့မှာမဟုတ်ကြောင်း သက်ဆိုင်ရာဝန်ထမ်းက ပြောလာတဲ့အကြောင်း ပင်စင် လစာ သွားရောက်ထုတ်ယူခဲ့တဲ့ အငြိမ်းစားဝန်ထမ်းတယောက်က ပြောပြပါတယ်။

“စမတ်ကတ်တောင်းနေတာ စာလည်း ကပ်ထားတယ်တဲ့၊ သူတို့တယောက်ချင်း လိုက်မပြောနိုင်လို့တဲ့၊ တကယ်လို့ သက်ကြီးပိုင်း တွေပေါ့၊ မသွားနိုင် မလာနိုင်တဲ့အထိ အိပ်ရာထဲလဲနေတဲ့ သူမျိုးကျတော့ မန်နေဂျာကို တင်ပြပေါ့။ ထောက်ခံချက်တွေ ဘာတွေ မန်နေဂျာကိုတင်ပြလို့ မန်နေဂျာကိုယ်တိုင် စိစစ်ပြီးရင်တော့ ပြန်ပေးမယ်တဲ့။ ကျန်တဲ့သူတွေကျတော့ စမတ်ကတ်မပါရင် ဒီတခေါက်မပါရင်တောင် နောက်တခေါက် ပေးရမှာ။ အဲဒီစမတ်ကတ်ကို ဖိုင်တွေမှာတွဲပြီး နေပြည်တော်ကို ပို့ရမှာမို့ အဲဒီကတ်မပါရင် ပင်စင်မထုတ်ပေးဘူးတဲ့။ သူတို့ ညွှန်ကြားချက်အတိုင်းဆို လောလောဆယ် စမတ်ကတ်မရသေးရင် ပင်စင်ထုတ်မရဘဲနေမှာပေါ့။”

ကြေညာချက်ကိုတော့ ဇွန် ၂၃ ရက်က စတင်ကြေညာနေတာဖြစ်ပြီး သက်ဆိုင်ရာ ပင်စင်ထုတ်တဲ့ ဘဏ်တွေမှာသာ စာကပ် အကြောင်းကြားတာဖြစ်လို့ ခရီးဝေးက လာရောက်တဲ့သူတွေနဲ့ သက်ကြီးရွယ်အိုတွေက ကြေညာချက်ကိုမသိဘဲ မှတ်ပုံတင်တခုတည်းနဲ့ လာထုတ်ယူတဲ့အခါ ပြန်လွှတ်ခံနေရတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ UID ကတ် စမတ်ကတ် လုပ်ရမှာလည်း လာဘ်ပေးလာဘ်ယူကိစ္စတွေ ရှိနေသလို လနဲ့ချီကာ စောင့်ဆိုင်းရမှုတွေနဲ့ တခြားအခက်အခဲတွေ အများကြီး ကြုံခဲ့တဲ့အကြောင်းကို စမတ်ကတ် သွားလုပ်ခဲ့တဲ့ လူကြီးတယောက်က ပြောပြပါတယ်။

“တခေါက်သွားလည်း အဆင်မပြေဘူး၊ နှစ်ခေါက်သွားလည်း အဆင်မပြေဘူး၊ စစချင်း ကွန်ပျူတာနဲ့ နာမည်ထည့်တာ အမေနာမည် လွဲတယ်၊ တလုံးပေါ့၊ တလုံးလွဲတာကို နေပြည်တော်ကို တင်ရမယ်၊ နောက်တပတ် သွားတော့လည်း မတင်ရသေးဘူး၊ ထပ်လာဆိုလို့ သုံးပတ်လောက် ဆက်တိုက်သွားတော့ တင်ပေးမယ်ဆိုလို့ နည်းနည်းပါးပါး ပေးလိုက်ရတယ်။ အသေချာလေး လုပ်ပေးပါဆိုပြီး အသနားခံပြီး မနည်းကို ပြောရတယ်။ ငါးခေါက်လောက် သွားလိုက်ရတယ်။ ၅၀,၀၀၀ လောက်လည်း ကုန်သွားတယ်။ မိုးတွင်းကြီးကို ဆိုင်ကယ်နဲ့သွားတာ၊ ဆိုင်ကယ် ကယ်ရီခတွေလည်း ကုန်တာ ပြောမနေနဲ့။”

စမတ်ကတ်မရှိလို့ ပင်စင်လစာ ထုတ်မရတဲ့ အခက်အခဲကို ရန်ကုန်အပြင် နေရာတိုင်းမှာ ကြုံနေရတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်က ပင်စင်လစာတွေကို စမတ်ကတ် မပါလို့ မထုတ်ပေးတဲ့အတွက် အခက်အခဲတွေ ကြုံနေရကြောင်းလည်း သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013