Home
မြန်မာသတင်း
ခလရ ၁၅ မှ ထွက်ပြေးသူ ၃၀ ကျော်၏ လစာကို ဒုတိုင်းမှူးနှင့်တပ်ရင်းမှူးက ထုတ်စား
DVB
·
June 30, 2025

မိုးညှင်းအခြေစိုက် အမှတ် ၁၅ ခြေလျင်တပ်ရင်းမှာ ဧပြီကနေ ဇွန်လအတွင်း ထွက်ပြေးသူ ၃၂ ယောက်ရှိပြီး ထွက်ပြေးသွားတဲ့ စစ်သည်တွေရဲ့ လစာကို ဒုတိုင်းမှူးနဲ့ တပ်ရင်းမှူးက ထုတ်စားနေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ခလရ ၁၅ မှာ ခွင့်မဲ့ပျက်ကွက်တာ၊ ရှေ့တန်းပို့ရာကနေ ထွက်ပြေးတာနဲ့ တပ်ရင်းကနေ ထွက်ပြေးသူ ၃၂ ယောက်ရှိပြီး ထွက်ပြေးသွားတဲ့ စစ်သည်တွေရဲ့လစာကို ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်းနဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်သန်းနိုင်က ထုတ်ယူသုံးစွဲနေတယ်လို့ တပ်မိသားစုဝင်တဦးက ပြောပါတယ်။

“မုဒိမ်းမှု မဖြစ်ခင်က ထွက်ပြေးတာနည်းတယ်။ မုဒိမ်းမှုဖြစ်ပြီးတော့ ရှေ့တန်းပို့မှာရယ်၊ ခေါ်စစ်တာတွေကြောင့် ထွက်ပြေးကြတာ။ ဗိုလ်ကြီးအန္တရာယ်ကို ကြောက်တာလည်းပါတယ်။ သမီးမိန်းကလေးမွေးထားတဲ့ ဆရာကြီးတွေဆို သမီးနဲ့မိန်းမကို အရင်ပို့ပြီးမှ ထွက်ပြေးတာ။ ဘယ်သူပြေးပြေး ပြေးတဲ့သူရဲ့ လစာတွေကို တပ်ရင်းမှူးက ဒုတိုင်းမှူးနဲ့ညှိပြီး ထုတ်သုံးတယ်။” 

ဧပြီလကနေ ဇွန်လအတွင်း ထွက်ပြေးသွားသူတွေမှာ တပ်ကြပ်ကြီး ၂ ဦး၊ တပ်ကြပ် ၆ ဦး၊ ဒုတပ်ကြပ် ၃ ဦးနဲ့ တပ်သား ၂၅ ယောက်ရှိတယ်လို့ သတင်းအရင်းအမြစ်က ရှင်းပြပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မိုးညှင်းအခြေစိုက် ခလရ ၁၅ မှာ မေလအတွင်း ဖြစ်ခဲ့တဲ့ အပတ်စဥ်တူ ဗိုလ်ကြီးဇနီးကို မုဒိမ်းကျင့်ခဲ့တဲ့ ဗိုလ်ကြီးဇင်လင်းထွဋ်အမှုမှာလည်း ဒုတိုင်းဗိုလ်မှူးချုပ် ရာဇာထွန်းက ကူညီပေးနေကြောင်း မပခနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“မုဒိမ်းမှုမှာလည်း ဒုတိုင်းမှူးက ဘာမှမပြောရဲဘူး၊ ဘာလို့လဲဆိုတော့ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် သမီး နဲ့ သူက ဝက်စ်သောက်ကားတွေကို အကျိုးတူရောင်းစားနေတာ။ မိုးညှင်းမှာစီးနေတဲ့ ဝက်စ်သောက်ကားမှန်သမျှ ဗိုလ်ကြီးဇင်လင်းထွဋ်တို့ ရောင်းခဲ့တာချည်းပဲ။ အာ့ကြောင့် တပ်ရင်းမှူးနဲ့ဒုတိုင်းမှူးက မထိရဲတာ။” 

ခလရ ၁၅ ဟာ မိုးညှင်းခရိုင်မှာ အခြေစိုက်ထားတဲ့အတွက် မိုးညှင်း၊ ဟိုပင်၊ မိုးကောင်း၊ ဖားကန့်နဲ့ ကာမိုင်းမြို့က ရပ်ကွက်နဲ့ကျေးရွာတွေမှာ လူသစ်စုဆောင်းတာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေကြောင့် နာမည်ကြီးတဲ့ တပ်တခုလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013