Home
အထွေထွေ
KIO ထိန်းချုပ်နယ်မြေတွင် KTV ဆိုင်များ ပိတ်ရန် အမိန့်ထုတ်
DVB
·
June 27, 2025

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်ကနေ KIO ထိန်းချုပ်နယ်မြေရှိ KTV ဆိုင် အားလုံးပိတ်ဖို့ ဇွန် ၂၂ ရက် ရက်စွဲနဲ့ အမိန့်စာ ထုတ်ပြန်ထားပါတယ်။

အမိန့်စာထဲမှာ KIO ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ဖို့ ပေါ်လစီတွေ ချမှတ်ပြီး ငွေကြေးအမြောက်အမြား ကုန်ကျခံကာ တဆင့်ပြီးတဆင့် လုပ်ဆောင်နေပြီလို့ ဖော်ပြထားပါတယ်။

KIA သတင်းရင်းမြစ်က “လက်ရှိ KTV တွေမှာ မူးယစ်ဆေးဝါး E (ecstasy)၊ K (ketamine) နဲ့ Happy Water တွေ ဖောဖောသီသီ သုံးလာကြပြီး လူငယ်၊ အမျိုးသား၊ အမျိုးသမီး၊ ကျောင်းသား/သူတွေရော အိမ်ထောင်သည်တွေရော မူးယစ်ဆေးဝါးကြောင့် ပျက်စီးလာတဲ့အတွက် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် KTV တွေ bar တွေ ပိတ်ဖို့ အမိန့်စာထုတ်လိုက်တာ။ ဖားကန့်ကတော့ ဒီလကုန်ကစပြီး ပိတ်ရမယ်။ တချို့နေရာတွေကတော့ လုပ်ငန်းစဉ်ဆောင်ရွက်နေတာ ဒီလလယ်လောက်ကစနေပြီ” လို့ ပြောပါတယ်။

မူးယစ်ဆေးဝါးပပျောက်ရေး ဗဟိုကော်မတီရဲ့ တင်ပြချက်အရ KTV တွေမှာ အိမ်ထောင်သည် အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ ကျောင်းသား/သူတွေ စုဖွဲ့ပြီး မူးယစ်ဆေးဝါး သုံးစွဲတာတွေအပြင် ဖြန့်ဖြူးတာတွေပါ လုပ်နေကြတဲ့အတွက် မူးယစ်ဆေးဝါးကြောင့် အကျင့်စာရိတ္တ ပျက်စီးလာနေသလို မိသားစုတွင်း အိမ်ထောင်ရေးပြဿနာ အမျိုးမျိုး ဖြစ်ပေါ်လာနေတဲ့အတွက် KTV ဆိုင်အားလုံးကို ပိတ်ဖို့ ညွှန်ကြားလိုက်ကြောင်း အမိန့်စာထဲမှာ ဖော်ပြထားပါတယ်။

အချိန်ကာလ ဘယ်လောက်ကြာတဲ့အထိ ပိတ်ပင်ထားမလဲ ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်နောက်ပိုင်း KIA ရဲ့ ထိုးစစ်အတွင်း ကချင်ပြည်နယ်ထဲက ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ချီဖွေ၊ ဆဒုံး၊ ပန်ဝါ၊ ဆော့လော်၊ ဖီမော်၊ လန်ဆယ်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်၊ လွယ်ဂျယ်တို့ကို သိမ်းယူထားပြီး ဗန်းမော်နဲ့ ဖားကန့်မြို့နယ်တို့မှာတော့ တိုက်ပွဲပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့ မေ ၂၄ ရက်ကလည်း ကချင်ပြည်နယ်အတွင်း နိုင်ငံရေးနဲ့ စစ်ရေး အခြေအနေတွေကြောင့် လိုင်ဇာ အုပ်ချုပ်ရေးနယ်မြေအတွင်း ဖွင့်လှစ်ထားတဲ့ KTV ဆိုင်တွေနဲ့ Melody ဆိုင်တွေအားလုံး ရက်အကန့်အသတ်မရှိ ပိတ်ထားဖို့ KIO အုပ်ချုပ်ရေးဌာနက အသိပေး ထုတ်ပြန်ခဲ့ဖူးပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013