Home
နိုင်ငံတကာ
ကမ္ဘောဒီးယားနယ်စပ်မှ တရားမဝင် ဝင်လာသည့် ကျားဖြန့်အပါအဝင် ထိုင်း  ၃၃ ဦး အဖမ်းခံရ  
DVB
·
June 27, 2025
Photo :Reuters

 

ကမ္ဘောဒီးယားနယ်စပ်ကနေ ထိုင်းနိုင်ငံထဲကို တရားမဝင်ပြန်ဝင်လာတဲ့ ထိုင်းနိုင်ငံသား ၃၃ ယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဇွန် ၂၅ ရက် ည ၁၀ နာရီဝန်းကျင်က ထိုင်းစစ်တပ် အမှတ် ၁၂ ခြေလျင်တပ်ရင်း တပ်ခွဲ ၁၂၀၄ မှ စစ်သည်တွေဟာ ဆာကယောက်ခရိုင် အလန်ယပထစ်မြို့နယ် ဘန့်ဖန်ဆစ်မြို့နယ်တွင်း နယ်စပ်လုံခြုံရေးယူနေစဉ် တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသား ၃၃ ယောက်ကို ဖမ်းဆီးလိုက်တာလို့  နယ်စပ်တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။ 

သူတို့တွေဟာ ကမ္ဘောဒီးယားနိုင်ငံ ပွိုင်းပက်က စားသောက်ဆိုင်တွေမှာ အလုပ်သွားလုပ်ပြီး  နယ်စပ်အငြင်းပွားမှု အခြေအနေအရနဲ့ လုပ်အားခအပြည့်အဝ မရတာတွေကြောင့် နေရပ်ပြန်လာရတာဖြစ်ပါတယ်။ 

ဒါပေမဲ့ ပွိုင်းပက်စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းပြီး ကမ္ဘောဒီးယားနိုင်ငံ ဘန်ထိုင်မီကျေးခရိုင် မားလိုင်းမြို့နယ်ဘက်ကနေ ၂၀ ကီလိုမီတာရှည်လျားတဲ့ခရီးကို တောလမ်းကနေ ၂ ရက်တာ ခြေလျင် လျှောက်လာခဲ့ကြတယ်၊ လမ်းပြအဖြစ် လိုက်ပို့တဲ့  ကမ္ဘောဒီးယားနိုင်ငံသားကို တယောက်လျှင် ဘတ် ၄၀၀၀ စီပေးခဲ့ကြရတယ်လို့ ပြောပါတယ်။

တရားဝင်လမ်းကြောင်းမှာ လာလို့ရပါလျက် တောလမ်းဘက်ကနေ လာရတာ ပိုပြီးအဆင်ပြေတယ်လို့ ပြောပေမဲ့ တာဝန်ရှိသူတွေက သူတို့ကို သံသယရှိနေပါတယ်။ 

လူခွဲပြီး အသေးစိတ်စစ်ဆေးရာမှာတော့ ၂၂ ယောက်မှာ ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှုနဲ့ ပတ်သက်လို့ တိုင်တန်းခံထားရသူတွေဖြစ်ပြီး  မူးယစ်ဆေးဝါးသုံးစွဲထားသူ ၁၄ ယောက်နဲ့ တခြားအမှုနဲ့ ဝရမ်းထုတ်ခံထားရသူ တယောက်အပြင် အသက်မပြည့်သေးတဲ့ ကလေးတယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့အားလုံးကို တည်ဆဲဥပဒေအရအရေးယူဖို့ အလန်ယပထစ်ရဲစခန်းကို ဆက်လက်ပို့ဆောင်ထားတယ်လို့  သတင်းတွေမှာ ဖော်ပြပါတယ်။ 

Source: Thai PBS  /  Khaosod News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013