Home
နိုင်ငံတကာ
ထိုင်းနှင့် ကမ္ဘောဒီးယားခေါင်းဆောင်တို့ နယ်စပ်သို့ အသီးသီးကွင်းဆင်း၊ စစ်ရှောင်ရန် ပြည်သူများ အသင့်ပြင်
DVB
·
June 26, 2025

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်နဲ့ ကမ္ဘောဒီးယား နိုင်ငံတော်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဟွန်ဆန်တို့ဟာ ဒီကနေ့ ဇွန် ၂၆ ရက် မနက်မှာ နယ်စပ်ဒေသကို အသီးသီး ကွင်းဆင်းခဲ့ကြပြီး စစ်သည်တွေနဲ့ ပြည်သူတွေကို တွေ့ဆုံအားပေးခဲ့ကြပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းဟာ ဆာကယောက်ခရိုင် အရန်ယပထစ်မြို့နယ် ဘန့်ပါလိုက် ကျေးရွာကို သွား‌ရောက်ပြီး နယ်စပ်လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ အမှတ် ၁၂၀၂ နယ်ခြားစောင့် ကွန်မန်ဒိုတပ်ကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဝန်ကြီးချုပ် ဖဲထောင်းထန်းဟာ စစ်သည်တွေအတွက် သောက်ရေသန့်နဲ့ စားနပ်ရိက္ခာတွေကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဖဲထောင်းထန်းက “စစ်သည်တွေဟာ တိုင်းပြည်ရဲ့ တံတိုင်းကြီးတွေ ဖြစ်ပါတယ်။ သင်တို့ဟာ မိသားစုတွေနဲ့ခွဲခွာပြီး  ရပ်ဝေးမှာ တာဝန်လာထမ်းဆောင်ရတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အနစ်နာခံကြတယ်။ ငြိမ်းချမ်းရေးအတွက် သည်းခံအောင့်အည်းနေကြရတယ်။ ဒီအတွက် အလွန်ကျေးဇူးတင်ပြီး အားပေးစကား ပြောကြားလိုပါတယ်။ သင်တို့လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့ပါစေလို့ ဆန္ဒပြုတယ်။ ပြည်သူတွေအနေနဲ့လည်း ကိုယ့်ကိုကာကွယ်ပေးတဲ့ စစ်သည်တွေကို ကျေးဇူးတင်ဖို့ ပြောချင်ပါတယ်။ စစ်သည်တွေဟာ ပြည်သူတွေကို စောင့်ရှောက်သလို အစိုးရကလည်း သင်တို့ကို ပြန်ပြီးစောင့်ရှောက်ရမယ်။ သင်တို့လိုအပ်တဲ့ အရာတွေကို ဖြည့်ဆည်းပေးဖို့ အစိုးရအနေနဲ့ရော ကျမအနေနဲ့ပါ အဆင်သင့်ရှိတယ်” လို့ ပြောပါတယ်။

စစ်တပ်အနေနဲ့ နယ်စပ်ပြဿနာကို ငြိမ်းချမ်း‌ရေးနဲ့ ဖြေရှင်းဖို့ အတတ်နိုင်ဆုံး ကြိုးစားပေမဲ့ လက်နက်နဲ့ ဖြေရှင်းရမယ့် အနေအထား‌ ရောက်သွားရင်တော့ မိမိတိုင်းပြည် အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် ရင်ဆိုင်ဖို့ အဆင်သင့်ရှိတယ်လို့ အမှတ် ၂ စစ်တိုင်းဒေသ တပ်ရင်းမှူး ဗိုလ်ချုပ် ဘွန်းဆင် ဖတ်ကလန်က သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းပြည်ထဲရေးဝန်ကြီးဌာနကလည်း ကမ္ဘောဒီးယားနယ်စပ်ရှိ တလတ်၊ ကျန်ထပူရီ၊ ဘူရီရမ်၊ ဆူရင်း၊ ဆာကယောက်၊ ဥဘွန်းရာ့ချ်ဌာနီ၊ ဆီစကစ် စတဲ့ ၇ ခရိုင်က တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့  ပြည်သူ့လုံခြုံရေးကို တိုးမြှင့်ကာကွယ်ကြဖို့ ညွှန်ကြားထားပါတယ်။

နယ်စပ်နေပြည်သူတွေ အထူးသဖြင့် အရင်က နယ်စပ်အ‌ရေးအခင်းမှာ စစ်ဘေးရှောင် အတွေ့အကြုံရှိတဲ့ အရန်ယပထစ်က ပြည်သူတွေဟာ ဗုံးခိုကျင်းတွေ ပြန်လည်ပြင်ဆင်တာ၊ သဲအိတ်တွေနဲ့ ကာဆီးတာ စတာတွေကို လုပ်ဆောင်နေကြတယ်လို့ ချန်နယ်လ် ၈ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာလည်း နိုင်ငံတော်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဟွန်ဆန်ဟာ စစ်ယူနီဖောင်း အပြည့်ဝတ်ဆင်ပြီး ဟယ်လီကော်ပတာနဲ့ လက်ရှိ အငြင်းပွားနေတဲ့ ဥဘွန်းရာ့ချ်ဌာနီခရိုင် နမ့်ယင်းမြို့နယ် ချောင့်ဘုတ်ဒေသ (က‌မ္ဘောဒီးယားအခေါ် မွန်ဘိုင်ဒေသ) ကို ရောက်ရှိလာပြီး အဲဒီက စစ်သည်တွေကို တွေ့ဆုံ အားပေးစကား ပြောကြားခဲ့တယ်လို့ ကမ္ဘောဒီးယားသတင်းတွေက ဖော်ပြပါတယ်။

က‌မ္ဘောဒီးယား အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၁,၀၀၀ ဟာ အဲဒီဒေသမှာ အသင့်နေရာယူပြီး BM-21 / RM-70 လို တာဝေးပစ် အမြောက်ကြီးတွေ၊ လက်နက်တွေကို တပြိုင်နက်တည်း ပစ်ခတ်နိုင်တဲ့ တင့်ကားကြီးတွေ၊ လက်နက်ကြီးကျည်တွေကို နယ်စပ်မှာ တင်ဆောင်လာပါတယ်။ 

ချောင့်ဘုတ်ဒေသတင်မကဘဲ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရှေးဟောင်းခမာဘုရားကျောင်းတည်ရှိရာ ဒေသ ဆူရင်း နဲ့ ဆီစကစ် ခရိုင် မျက်နှာချင်းဆိုင်ဒေသတွေမှာလည်း ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် အင်အားတွေ တိုးမြှင့်ချထားတယ်လို့ ထိုင်းလုံခြုံရေးကောင်စီဘက်ကလာတဲ့ သတင်းတွေအရ သိရ တယ်လို့ ဆိုပါတယ်။ 

ထိုင်းဘက်က လောလောဆယ် နယ်စပ်ဂိတ် ၆ ဂိတ်ကို ပိတ်ထားပြီး ကျောင်းလာတက်တဲ့ ကလေးတွေ၊ အရေးပေါ်လူနာတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေကိုပဲ ပေးဝင်နေပါတယ်။

Source: The Reporter / Thai PBS / CH8 TV News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013