
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ် ၈ ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟာ အမှုသည်အမျိုးသမီးတယောက်ကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့မှုကြောင့် ရဲတွေက ဖမ်းဆီးထားတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အလိုမတူဘဲ အဓမ္မပြုကျင့်ခံရသူမှာ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတယောက်ဖြစ်ပြီး အဓမ္မပြုကျင့်မှုနဲ့ စွပ်စွဲခံရသူမှာ မော်လမြိုင်ကျွန်းမြို့ အမှတ် ၈ ရပ်ကွက်က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေ ဖြစ်တယ်လို့ဆိုပါတယ်။
အမှုကိစ္စ ပြောဆိုဖို့အတွက် ချိန်းဆိုတဲ့ အမှတ် ၃ ရပ်ကွက်က U3 တည်းခိုခန်းမှာ ဇွန် ၂၂ ရက် ညနေ ၄ နာရီခန့်က အဓမ္မပြုကျင့်ခဲ့တာလို့ ရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။
“အမှုကိစ္စ ပြောဆိုဖို့အတွက် ချိန်းတဲ့နေရာကိုသွားရင်း အဓမ္မပြုကျင့်ခံရတာ။ တကြိမ် ပြုကျင့်ခံရတယ်လို့ ရဲစခန်းမှာ တိုင်ကြားပါတယ်။ ကောင်မလေးက လက်ဖက်ရည်ဆိုင်မှာ အမှုကိစ္စပြောမယ်လို့ ပြောတာကို လက်ဖက်ရည်ဆိုင်မှာ ပြောရင် အုပ်ချုပ်ရေးမှူး သိက္ခာကျတယ်။ ငါ ခေါ်တဲ့နေရာလာမှ အမှုကိစ္စလုပ်ပေးမယ်လို့ ပြောလို့ သွားရင်း ဖြစ်သွားတာ။ အခုတော့ ကောင်မလေးကတိုင်လို့ ရဲတွေက အုပ်ကြီးကို ဖမ်းထားပါပြီ။”
အုပ်ချုပ်ရေးမှူး သိန်းရွှေကို စစ်ကောင်စီလက်အောက်ခံ မော်လမြိုင်ကျွန်း မြို့မရဲစခန်းက ဇွန် ၂၄ ရက်မှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။
ကျူးလွန်ခံရတဲ့ အမျိုးသမီးနဲ့ နီးစပ်သူတယောက်က “သူက မိသားစု နေအိမ်ပိုင်ဆိုင်မှုကိစ္စနဲ့ အုပ်ချုပ်ရေးမှူးဆီ အမှုတိုင်တာပါ။ ဒါကို အုပ်ချုပ်ရေးမှူးက အခွင့်ရေးယူတာ။ ကျူးလွန်ခံရတဲ့ အစ်မက တည်းခိုခန်းကိုတော့ မလိုက်ရဲဘူး၊ မသင့်လျော်ဘူးပြောတာ။ မလိုက်ရင် အမှုနိုင်မှာမဟုတ်ဘူး၊ နင့်အတွက်ပြောတာ၊ ငါနဲ့ တည်ခိုခန်းမှာ စကားပြောတာ သိက္ခာတောင်ရှိသေးတယ်ပေါ့ အုပ်ကြီးကပြောတာ” လို့ ပြောပါတယ်။
အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူသေဆုံးတာ ၂ နှစ်ဝန်းကျင် ရှိပြီဖြစ်ပြီး ပါးစပ်ကို ခေါင်းအုံးနဲ့ဖိကာ အဓမ္မပြုကျင့်ခံခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အဓမ္မပြုကျင့်ခံရသူရဲ့ တိုင်တန်းချက်အရ မော်လမြိုင်ကျွန်းမြို့မရဲစခန်းက အဓမ္မပြုကျင့်သူ အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး သိန်းရွှေကို အမှုကြီး အမှတ်စဉ် ၃/၂၀၂၅၊ (ပ) ၉၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ ဇွန် ၂၄ ရက်မှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။