
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာအဝင်မှာ အမျိုးသမီးတယောက် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၂၅ ရက်၊ မနက် ၈ နာရီလောက်က အသက် ၄၅ နှစ်ဝန်းကျင် ဆင်ထိုးကြီးရွာခံ အမျိုးသမီး တယောက် ရွာအဝင်မှာ မိုင်းနင်းမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆင်ထိုးကြီးရွာမှ အမျိုးသားတယောက်က “ကားက မြိတ်ကနေ လာတာ။ ဆင်ထိုးကြီးရွာ မရောက်ခင် ကားနားပြီး အပေါ့အလေးသွားချိန်မှာ မိုင်းနင်းမိတာပါ။ အသက်မစိုးရိမ်ရပေမဲ့ နားနှစ်ဖက် ထိခိုက်သွားတယ်။ သူ့နေအိမ်မှာပဲ ဆေးကုသမှုခံယူနေတယ်” လို့ ပြောပါတယ်။
အဆိုပါမိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ထောင်ထားတဲ့မိုင်းဖြစ်ပြီး ဆင်းထိုးရွာသားတွေကို မသွားလာကြဖို့ KNLA ဘက်က အမိန့်ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KNLA တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “မိုင်းတွေက နှစ်ဖက်စလုံး ထောင်ထားတာတွေ ရှိတယ်။ ဆင်ထိုးဧရိယာမှာ ဖြစ်တယ်ဆိုတော့ KNLA က မိုင်းလို့ပဲ ပြောလို့ရမှာပေါ့။ ပြည်သူတွေကိုလည်း မိုင်းရှိကြောင်းနဲ့ သတိထားသွားလာဖို့ အသိပေးထားတာတွေ ရှိတယ်။ ပြင်လို့လည်း မရတော့ သတိထားပြီး သွားလာကြစေချင်တယ်” လို့ ပြောပါတယ်။
ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားပြီး ၂ မိုင်အကွာမှာရှိတဲ့ ဘုရင်တောင်မှာ စစ်ကောင်စီတပ်တွေ စိုးမိုးထားကာ ဧပြီ ၂၁ ရက်ကလည်း စစ်ကောင်စီဘက်က ဆင်ထိုးကြီးရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။