Home
မြန်မာသတင်း
တနင်္သာရီနှင့် ပုလောတွင် တပ်ကြပ်ကြီး ၂ ဦးနှင့် ဒုတပ်ကြပ် ၁ ဦး ဘက်ပြောင်းခိုလှုံလာ
DVB
·
June 21, 2025
Tanintharyi21062025 (1)
Tanintharyi21062025-1
Tanintharyi21062025-2
499786279_701115872774403_8217598968343143205_n

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်မှာ စစ်ကောင်စီ တပ်ကြပ်ကြီး ၂ ယောက်နဲ့ ဒုတပ်ကြပ် ၁ ယောက် ဘက်ပြောင်းခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေဆီက သိရပါတယ်။

ပုလောမြို့နယ်မှာ ဇွန် ၂၁ ရက် ဒီမနက်ပိုင်းက စစ်ကောင်စီရဲ့ ဘုတ်ခြံအခြေစိုက် ခလရ ၁၇ က တပ်ကြပ်ကြီးစာရေး ၁ ယောက်နဲ့ ဒု တပ်ကြပ် ၁ ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၅ နယ်မြေ၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းဆီ လက်နက်ခဲယမ်းနဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ ပုလော PDF ဆီက သိရပါတယ်။

ဒု တပ်ကြပ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက စစ်တပ်မှာတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တပ်ကြပ်ကြီးစာရေး (အကူ)ကတော့ စစ်မှုထမ်း အခြေခံစစ်သင်တန်း အပတ်စဉ် ၂ ကနေ တပ်သားသစ်အဖြစ် စုဆောင်းခံရသူဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ MA-1 ရိုင်ဖယ် ၁ လက်၊ MA-2 စက်ကလေး ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ M-14 နင်းမိုင်း ၁ လုံး၊ ကျည်ဘောက် ၁၅ ခုနဲ့ ကပစထုတ် ၅.၅၆ ကျည်အတောင့် ၇၉၀ ကိုလည်း ယူဆောင်လာခဲ့ပါတယ်။

ဇွန် ၁၈ ရက်နေ့တုန်းကလည်း ပုလောမြို့နယ်က စစ်ကောင်စီရဲ့ အမှတ် ၁၂ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းက တပ်သားသစ် ၄ ယောက်ဟာ ပုလော PDF ဆီ ဘက်ပြောင်းခိုလှုံလာတယ်လို့ ပုလော PDF ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။

“စစ်ကောင်စီလက်အောက်မှ ရုန်းထွက်လာတဲ့သူတွေအားလုံးကို အမြဲလက်ကမ်းကြိုဆိုနေမှာပါ။ စစ်ကောင်စီလက်အောက်မှာ အကြောင်းအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်နေရတဲ့ သူတွေအနေနဲ့ သတ္တိရှိရှိ ရုန်းထွက်ကြဖို့ ကျနော်တို့အနေနဲ့ တိုက်တွန်းလိုပါတယ်”

တနင်္သာရီမြို့နယ်မှာလည်း တပ်ကြပ်ကြီး ၁ ယောက်ဟာ တပ်အတွင်း ရိုက်နှက်နှိပ်စက်မှုဒဏ်မခံနိုင်လို့ ထွက်ပြေးလာပြီး ဘက်ပြောင်းခိုလှုံလာတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၃ ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က ပြောပါတယ်။

ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းက စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတာ ၅ နှစ်ရှိတဲ့ တပ်ကြပ်ကြီးစာရေးလို့သိရပြီး ဇွန် ၈ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့နဲ့ အချိတ်အဆက်လုပ်ပြီး ဘက်ပြောင်းခိုလှုံလာခဲ့တာလို့ ဇွန် ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တပ်ရင်း ပြန်ကြားရေးတာဝန်ခံက “လက်နက်တော့မပါဘူး။ တပ်ကအရာရှိတယောက် ထိုးကြိတ်နှိပ်စက်လို့ ကိုယ်လွတ်ရုန်းပြီးထွက်ပြေးလာတာပါ။ တပ်အရာရှိတွေရဲ့ ဖိနှိပ်မှုမခံနိင်လို့ပါ။ နောက်ထပ် အလင်းဝင်ဖို့ချိတ်ဆက်ထားတဲ့သူတွေကိုလည်း ကျနော်တို့အနေနဲ့ လက်နက်ပါ တပါတည်းယူလာနိုင်ဖို့ တိုက်တွန်းချင်ပါတယ်။ ပိုပြီးယုံကြည်လို့ရအောင်ပါ” လို့ ပြောပါတယ်။

အဲဒီတပ်ကြပ်ကြီးကို လုံခြုံတဲ့နေရာမှာထားပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက် ဆောင်ရွက်နေပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မေ ၁၅ ရက်နေ့ကလည်း ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် ခမရ ၄၃၁ တပ်ရင်းက စစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သားသစ် ၁ ယောက် မြိတ်ခရိုင်တပ်ရင်း ၃ ဆီကို လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013