Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်နေချိန် အပြင်ထွက်မကြည့်ရန်သတိပေး၊ တနင်္သာရီတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
June 20, 2025

တနင်္သာရီမြို့နယ်မှာ ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်ရာမှာ လေယာဥ်တွေကို ထွက်မကြည့်ဖို့နဲ့ လုံခြုံတဲ့နေရာမှာ နေပေးဖို့ တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသအဖွဲ့ချုပ်) က တိုက်တွန်း ပြောပါတယ်။

တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသအဖွဲ့ချုပ်) တာဝန်ရှိသူတယောက်က “လေယာဥ်လာလို့ရှိရင် ဗုံးခိုကျင်းတွေထဲကို ကျနော်တို့ဝင်မယ်။ ဒါမှမဟုတ်ရင် အကာအကွယ်ရှိတဲ့နေရာတွေဆီ သွားကြမယ်ဆိုရင် ဒါက Safe မဖြစ်ခဲ့ဘူးဆိုရင်တောင်မှ အကာအကွယ်ရှိတယ်ဆိုလို့ သတ်မှတ်လို့ရမယ်။ ဒါပေမဲ့ အရပ်သားကိုယ်တိုင်ကနေပြီးတော့ လေယာဥ်ကို လမ်းပေါ်ထွက်ပြီးတော့ လိုက်ကြည့်နေကြတဲ့ကာလမှာဆိုလို့ရှိရင် ကျနော်တို့ ပြေးမခင်လွှားမခင်အချိန်ကျရင် ပိုပြီးတော့ ထိခိုက်မှုတွေ ဆုံးရှုံးမှုတွေ များလာနိုင်တယ်” လို့ ပြောပါတယ်။

လေယာဥ်ထွက်ကြည့်တာနဲ့ပတ်သက်ပြီး ဒေသခံတယောက်က “ဟိုထွက်ကြည့်တာမျိုးကျတော့ ရှိတော့ရှိတယ်။ ကြောက်တဲ့သူတွေကတော့ အားလုံးပဲ သူ့ဘာသာပဲ နီးစပ်ရာ အုတ်တွေရှိတဲ့နား ခိုဝင်ရှောင်သွားတယ်။ အဓိက ထွက်ကြည့်ရတဲ့အကြောင်းအရင်းက အနီးအနားမဟုတ်လို့ ပေါ့နော်။ အနီးနားမှာဆိုရင် သူတို့က ပုန်းကြတယ်။ တကယ်ထွက်ကြည့်တဲ့သူတွေကတော့  လူငယ်နဲ့ လူကြီးပိုင်းတွေ”လို့ ပြောပါတယ်။

တနင်္သာရီတိုင်းမှာ စစ်ကောင်စီဘက်က တပ်စခန်းတွေသိမ်းခံရချိန်နဲ့ ရှေ့တန်းတိုက်ပွဲတွေမှာ ဧပြီလလောက်စပြီး လေကြောင်းပစ်ကူအကြီးအကျယ် အသုံးပြုလာတယ်လို့ FE5 Taninthayi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ နည်းစနစ်ကျတဲ့ ဗုံးခိုကျင်းတွေရှိဖို့အတွက် ဒေသခံတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ စီမံကြပ်မတ်ပေးဖို့ လိုအပ်တယ်လို့ ဒေသခံက ပြောပါတယ်။

“သူတို့က တနိုင်တပိုင်သူ့ဖာသာသူ တူးကြတာဖြစ်တဲ့အတွက် ဒီဟာက ခက်တယ်။ သူ့အိမ် သူ့တွင်း သူ့ဖာသာသူ တူးကြတာဆိုတော့လေ၊ နည်းနည်းတော့ ကြပ်မတ်ပေးဖို့လိုတယ်။ ပြည့်ပြည့်စုံစုံဖြစ်ချင်ရင်တော့ ရပ်ကျေးအဖွဲ့ကနေ ကြပ်မတ်ပေးရင် ဖြစ်လာနိုင်တယ်”လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လေကြောင်းရန် ကာကွယ်ရေး ပညာပေးတာတွေ ရှိပေမဲ့ နိုင်ငံဒေသအနှံ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်တာမရှိသေးသလို လေကြောင်း ဗုံးကြဲမှုတွေကို ထိရောက်တဲ့ အကာကွယ်ပေးမှုတွေလည်း မလုပ်ပေးနိုင်သေးပါဘူး။ 

လတ်တလော တနင်္သာရီမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ ဇွန်လ တတိယအပတ်အတွင်း ၂ ရက်ဆက် အလစ်အငိုက် တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇွန် ၁၇ ရက် နေ့လယ် ၁ နာရီလောက်က ဇဝဲခမရ ၅၅၆ တပ်ကနေ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုကျေးရွာဘက်ကို အင်အား ၃၀ ဝန်းကျင်နဲ့ ထွက်လာပြီး လမ်းကင်းလာယူတဲ့ စစ်ကောင်စီ ခြေလျင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ အများအပြားရှိတယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“၁၇ ရက်နေ့က သူတို့တွေ တိုက်ခိုက်ခံရပြီးတော့ ဇဝဲတပ်ကို ပြန်ဆုတ်သွားတယ်။ ကျနော်တို့ မိုင်းကွင်းထဲကို ရောက်လာတော့ မိုင်း ၂ လုံးဆွဲပြီး လက်နက်ငယ်တွေနဲ့ ထပ်ပစ်တော့ မခုခံနိုင်လို့ နောက်ဆုတ်ပြေးတာပါ။ ၁၈ ရက်နေ့မှာ အဲဒီတပ်ပဲ ပြန်တက်လာမယ် သတင်းရတော့ ကျနော်တို့ ဆက်စောင့်ပြီးတော့ ပြန်တိုက်ခိုက်တာပါ။”

ဇွန် ၁၈ ရက် မွန်းတည့် ၁၂ နာရီခွဲလောက်ကလည်း ရမ်းဖိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကနေ ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ၃ ယောက်ရှိတယ်ဆိုပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီမတိုင်ခင် ဇွန် ၁၇ ရက်မှာ ဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်ကို အလစ်အငိုက် တိုက်ခိုက်တဲ့ ဖြစ်စဥ်တုန်းက စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို ဆိုင်ကယ်တွေနဲ့ တင်ဆောင်ပြီး ဇဝဲတပ်ရင်းဘက်ကို ပြန်ဆုတ်ခွာသွားတာကို မျက်မြင်တွေ့ရှိသူတွေကတဆင့် သိရတယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကို ဗိုလ်ခရင်းတပ်ဖွဲ့၊ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၁ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရသူတွေ မရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013