Home
မြန်မာသတင်း
စစ်ပွဲကြောင့် အစ္စရေးရောက် မြန်မာများ အလုပ်အကိုင်နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက် 
DVB
·
June 26, 2025
Photo :Reuters

ဇွန် ၁၃ ရက်မှ ဇွန် ၂၄ ရက်အထိ ၁၂ ရက် ကြာမြင့်ခဲ့တဲ့ အီရန်နဲ့ အစ္စရေးတို့ကြား တိုက်ပွဲအတွင်း အစ္စရေးနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်တွေ နားထားရတဲ့အတွက် ဝင်ငွေတွေ ထိခိုက်ရသလို နေထိုင်စရိတ်၊ အသုံးစရိတ် မြင့်မားမှုတွေကြောင့် စိုးရိမ်စိတ်တွေ ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အီရန်နဲ့ဖြစ်တဲ့ စစ်ပွဲမှာ အီရန်ကပစ်ခတ်တဲ့ တာဝေးပစ်ဒုံးတွေဟာ ပေါက်ကွဲမှုအား ပြင်းထန်ပြီး သက်ရောက်မှုတွေ ဆိုးရွားတဲ့အတွက် နေ့ရော ညရော ဘန်ကာတွေထဲ ပြေးရပြီး ဖိအားတွေ ခံစားရသလို စိတ်ဓာတ်တွေကျလာပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားရတယ်လို့လည်း အစ္စရောက် မြန်မာတွေက ပြောပါတယ်။

ဒီလိုမျိုး အစ္စရေးနဲ့ အီရန်အကြား တိုက်ပွဲကြောင့် စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း မြန်မာနိုင်ငံက အခြေအနေတွေကြောင့် မစဉ်းစားဖြစ်ဘူး။ မြန်မာနိုင်ငံကို ပြန်ဖို့တော့ အခြေအနေတွေ စောင့်ကြည့်ဦးမယ်လို့ ဆိုကြပါတယ်။

အစ္စရေးရောက် မြန်မာနိုင်ငံသားတယောက်ဖြစ်တဲ့  ကိုပိစ်က “ကျနော့်အနေနဲ့ဆို ဟုတ်တယ်၊ အကြီးမားဆုံး စဉ်းစားရမှာ ပါတယ်။ ပထမတခါ ဟားမတ်စ်နဲ့ စစ်ဖြစ်တုန်းကလည်း အဲဒီ စဉ်းစားချက်တွေ ထပ်ပေါ်လာခဲ့တယ်။ အခုကျတော့လည်း တခေါက် ပြန်ဖြစ်တယ်။ ဒါပေမဲ့ မတူတာက အရင်တုန်းက ဟားမတ်စ်ဆိုတာ သေးသေးလေးပဲဆိုတော့ အယောက်တိုင်း သိပ်လည်း မစိုးရိမ်ကြဘူး။ သိပ်လည်း အဲဒီတုန်းက ပုန်းအောင်းမှု အခြေအနေ၊ နိုင်ငံကနေ သတိပေးမှု အခြေအနေတွေကလည်း ကွာတယ်။ အခုတခေါက်ကျတော့ စိုးရိမ်ကြတယ်၊ ပြန်မလားမေးတော့လည်း ဝေဝါးတယ်။ တချို့လူတွေကတော့ ပြန်ချင်တယ်။ တချို့တွေက မပြန်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က တိုင်းရင်းသားဒေသတွေကလာတော့ ကျနော်တို့ ဒေသမှာလည်း မငြိမ်းချမ်းတော့ ပြန်လည်း ဆိုးတယ်။ ဒီမှာပဲ အခြေအနေ စောင့်ကြည့်ဦးမယ်ဆိုတဲ့ လူတွေက ပိုများကြတယ်၊ ကျနော်ကိုယ်တိုင် အပါအဝင်ပေါ့” လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အစ္စရေးနဲ့ အီရန်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြောင်း ကြေညာပြီးနောက်မှာ ၂ နိုင်ငံက အပစ်ရပ်ကြောင်း ပြောဆိုခဲ့ကြပြီး လက်ရှိအခြေအနေကတော့ ငြိမ်သက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဇွန် ၁၃ ရက်မှာ အစ္စရေးက အီရန်ရဲ့ နျူကလီးယားနဲ့ ဒုံးစီမံကိန်း နေရာတွေကို တိုက်ခဲ့တာဖြစ်ပြီး အီရန်က လက်တုံ့ပြန် တိုက်ခိုက်ခဲ့လို့ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ပါတယ်။

တာဝေးပစ်ဒုံး၊ ဒရုန်းပေါင်း ရာချီနဲ့ အီရန်ဘက်က လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် အစ္စရေး၊ တဲလ်အဗစ်မြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတယောက်ဖြစ်တဲ့ကို ကိုဂျက်ကော့ဘ်ကတော့ တိုက်ပွဲကာလအတွင်း အစ္စရေးမှာ နေထိုင်သူတွေကို တိုက်ပွဲအကြောင်း အချက်ပေးမှုနဲ့ ညွှန်ကြားမှုတွေအကြောင်း ပြောပါတယ်။

“ဘာတွေ ပြင်ဆင်ပေးထားလဲဆိုတော့ home front command အတိုင်းပဲ၊ အဲ့ထဲမှာပဲ ညွှန်ကြားချက်တွေ ထည့်ထားတယ်။ အထူးသဖြင့် ညွှန်ကြားချက်တွေထဲမှာ လူစုလူဝေး မလုပ်ရဘူး။ စားသောက်ဆိုင်လိုမျိုး ဘားတွေ၊ ကလပ်တွေ၊ မလိုအပ်တဲ့ ဈေးဆိုင်တွေ၊ ရှော့ပင်းစင်တာတွေ ပိတ်ထားရတယ်၊ ပြီးတော့ ကမ်းခြေတွေ ပိတ်ထားရတယ်။ Public transportation ဖြစ်တဲ့ bus တွေ subway တွေ၊ လေဆိပ် ဒါတွေကိုပါ ပိတ်ထားတယ်။ ပြည်သူတွေရဲ့ မိုဘိုင်းဖုန်းထဲမှာရှိတဲ့ home front command ထဲမှာ အရေးပေါ် တစုံတရာဖြစ်ခဲ့ရင် ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ၊ ဘာတွေ ဒါတွေလည်း ပြောထားတယ်။ စစ်ပွဲကြောင့် အီရန်က တိုက်ခိုက်လာတဲ့ missile (ဒုံးကျည်) ကျတော့မယ်ဆိုရင် အစ္စရေး IDF (Israel Defense Force) ကနေ home front command ကတဆင့် ၁၀ မိနစ်ကြိုပြီး အချက်ပေးတယ်။ အဲဒီ ၁၀ မိနစ်ကြို အချက်ပေးတာက protective area ပေါ့၊ bomb shelter ထဲကို သွားဖို့ လုံလောက်တဲ့အချိန် ဖြစ်တယ်။ ဆိုတော့ အဲဒီနေရာကို နေနေပါ၊ အဲဒီအနီးအနားမှာ နေပါပေါ့။ အကယ်၍ missile က အစ္စရေးရဲ့ ဝေဟင်ပေါ်ကို ရောက်လို့ ကျတော့မယ်ဆိုရင် ဥဩသံ၊ ကျနော်တို့ ဖုန်းထဲမှာရော ဒီနိုင်ငံထဲမှာရှိတဲ့ နေရာတိုင်းမှာ ဥဩသံတွေ ထွက်လာတယ်။ အဲဒါဆိုရင်တော့ ဘန်ကာထဲကို ချက်ချင်းဝင်နေရမယ်။ အဲ့ထဲမှာပဲ ကျနော်တို့တွေက စောင့်နေရမယ်။ ဒီ Home Front Command က နောက် ၁၀ မိနစ် ၁၅ မိနစ်ဝန်းကျင်လောက်မှာ အကယ်၍ အားလုံး အန္တရာယ်ကင်းပြီဆိုရင် ပြန်ထွက်လာလို့ရပြီလို့ မက်ဆေ့ချ်ပေးတယ်။”

အစ္စရေးနိုင်ငံ တဲလ်အဗစ်မှာရှိတဲ့ မြန်မာသံရုံးရဲ့ အချက်အလက်အရ အစ္စရေးမှာ မြန်မာနိုင်ငံသား ၁၀၀ ကျော် ရှိပါတယ်။ တရားမဝင် ဝင်ရောက်နေထိုင်သူတွေပါ ထည့်ပေါင်းရင်တော့ အကြမ်းဖျဉ်း ၂၀၀ ကျော် ရှိနိုင်ပါတယ်။

အစ္စရေးနဲ့ အီရန်တို့ရဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေအကြား မြန်မာသံရုံးက မြန်မာနိုင်ငံသားတွေကို အရေးပေါ်အခြေအနေမှာ ဆက်သွယ်ဖို့ ထုတ်ပြန်ထားတာမျိုး တွေ့ရတယ်လို့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

အစ္စရေးရောက် မြန်မာနိုင်ငံသား ကိုဂျက်ကော့ဘ်က “ဒီစစ်ပွဲ စပြီးတဲ့အချိန်ကစပြီးတော့မှ တဲလ်အဗစ်မှာရှိတဲ့ မြန်မာသံရုံးမှာ တင်ထားတာက ဒီအခြေအနေကြောင့် နေရပ်ပြန်လိုသည်ပဲ ဖြစ်ဖြစ်ပေါ့နော် အခက်အခဲ တစုံတရာ ရှိခဲ့ရင်တော့ ဒီ အစ္စရေးမှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်နိုင်ဖို့ သူတို့ Hot line နံပါတ်တွေ တင်ထားတာတော့ တွေ့တယ်ခင်ဗျ။ ကျန်တဲ့ ထွေထွေထူးထူးတော့ ကျန်တဲ့အပိုင်းတွေတော့ ကျနော်တို့ ဘာသတင်းမှ မကြားသေးဘူးခင်ဗျ” လို့ ပြောပါတယ်။

ဇွန် ၂၁ ရက်က အီရန်နိုင်ငံရှိ ဖော်ဒိုးနဲ့ တခြား နျူကလီးယားစခန်းတွေကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနဲ့ အီရန်အကြား အလုံးစုံ အပစ်အခတ်ရပ်စဲတော့မှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လူမှုကွန်ရက်ကနေ ဇွန် ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။

ဇွန် ၁၃ ရက်မှ ဇွန် ၂၄ ရက်အထိ အီရန်-အစ္စရေး ၁၂ ရက်ကြာ တိုက်ပွဲအတွင်း အီရန်မှာ လူပေါင်း ၆၁၀ သေဆုံးခဲ့ပြီး အစ္စရေးမှာ ၂၈ ယောက် သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013