Home
မြန်မာသတင်း
လူ့ဂုဏ်သိက္ခာကျဆင်းစေသည့် ပြစ်ဒဏ်ပေးမှုဆန့်ကျင်ရေးစာချုပ်တွင်  မြန်မာမပါဝင်
DVB
·
June 25, 2025

လူ့ဂုဏ်သိက္ခာကျဆင်းစေတဲ့ ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှုဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ်မှာ မြန်မာနိုင်ငံက အခုချိန်ထိ လက်မှတ်ရေးထိုးထားတာမရှိသေးကြောင်း သိရပါတယ်။ 

ဇွန် ၂၆ ရက်က ညှဉ်းပန်းနှိပ်စက်ခံရသူတွေကို ကူညီထောက်ပံ့ရေး နိုင်ငံတကာနေ့( International Day in Support of Victims of Torture) ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှုဆန့်ကျင်ရေးနိုင်ငံတကာ သဘောတူစာချုပ်မှာ အခုချိန် လက်မှတ်ရေးထိုးထားတာမျိုး မရှိသေးပါဘူး။

အာဏာမသိမ်းခင် အရပ်သားအစိုးရလက်ထက်မှာတော့ စာချုပ်ကို လက်မှတ်ရေးထိုးဖို့ လွှတ်တော်မှာ အဆိုတင် သွင်းခဲ့တာမျိုးရှိခဲ့ပေမဲ့ စစ်တပ်အဖွဲ့ဝင်တွေရဲ့ ကန့်ကွက်မှုကြောင့် ကြိုးပမ်းခဲ့မှုက အရာမထင် ဖြစ်ခဲ့ရတာပါ။

လက်ရှိမှာတော့ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၀ ကျော်ရှိနေပြီး အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှု ဒါမှမဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေတဲ့ ဆက်ဆံမှုတွေနဲ့ အပြစ်ပေးအရေးယူတာကို ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ပြောခွင့်ရ ဦးအောင်မျိုးကျော်က “ဒီနေ့အချိန်ထိ လက်မှတ်ရေးထိုးတာ လုံးဝ မရှိသေးပါဘူး။ ဒါက ကျနော်တို့နိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်မှုတွေကို တောက်လျှောက် ကျူးလွန်နေတဲ့ စစ်အုပ်စုကတော့ သေချာတယ်ဗျာ ဒီလိုစာချုပ်မျိုးတွေကို လက်မှတ်ရေးထိုးမှာ မဟုတ်ဘူး။ သူတို့ ထိုးတယ်ဆို သူတို့ကြိုးကွင်း သူတို့စွပ်မှာပဲ။ ဒါပေမဲ့ တချိန်မှာတော့ ကျနော်တို့က ဒီလို စာချုပ်စာတမ်းတွေ လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့စာချုပ်စာတမ်းတွေကို လက်မှတ်ရေးထိုးဖို့ အင်မတန် အရေး ကြီးပါတယ်။ လက်မှတ်ရေးထိုးသင့်ပါတယ်။ သေချာပါတယ် ကျနော်တို့ နိုင်ငံမှာ ခေတ်အဆက်ဆက် ညှဉ်းပန်းနှိပ်စက်မှုကို ကျူးလွန်တယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ကြတဲ့သူတွေက အပြစ်ပေး အရေးယူခံရခြင်းက ကင်းလွတ်ခွင့်ရခဲ့တယ်။ ဒါ ကျနော်တို့နိုင်ငံမှာ အာဏာရှင် ခေတ်အဆက်ဆက်မှာ ဘယ်သူမှ အပြစ်ပေးအရေးယူခံရတာ မရှိခဲ့ဘူး၊ ဒီနွေဦး တော်လှန်ရေးက ဒီအမူအကျင့်တွေကို တိုက်ဖျက်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် သေဆုံးသွားသူတွေက  ၂၀၂၁ ခုနှစ်ကနေ  ၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ စုစုပေါင်း ၂၇၉ ယောက်ရှိတယ်လို့ AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။

လေးနှစ်တာအတွင်း ညှဉ်းပန်းနှိပ်စက်ခံရလို့ သေဆုံးခဲ့ရသူတွေက ရဲစခန်းတွေမှာ ၃၉ ယောက်၊ စစ်ကြောရေးမှာ ၁၃၁ ယောက်နဲ့  နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ၁၀၉ ယောက်တို့ ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ လက်နက်ကိုင်ပဋိပက္ခအတွင်း ပိုမိုဆိုးရွားတဲ့ ကျုးလွန်မှုတွေ ဖြစ်ပွားနေတဲ့အတွက် ဒီလိုအခြေအနေမှာ ကျူးလွန်ခံရတဲ့ နစ်နာသူတွေကို လိုအပ်တဲ့ပံ့ပိုးမှုတွေနဲ့ လိုအပ်တဲ့ တရားမျှတမှုကိုလည်း ဖော်ဆောင်ပေးဖို့လိုအပ်ပါတယ်လို့ NUG က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်းက “နှိပ်စက်ညှဉ်းပန်းမှုကို ခံနေရတဲ့ ပြည်သူတွေက အခုချိန်ထိ ရှိနေတုန်းပါ။ အကြမ်းဖက်စစ်အုပ်စုက နေရာတိုင်းမှာ နှိပ်စက်မှု ပြုလုပ်နေတယ်။ ဒီကိစ္စတွေကို ကျနော်တို့က အရေးပေါ် ချက်ချင်းကူညီမှုတွေ လိုအပ်သလို ဒီလိုမျိုး နှိပ်စက်မှုရဲ့ ရလဒ်တွေက သမိုင်းတလျှောက်မှာ ထိခိုက်နိုင်တဲ့အတွက် ပြန်လည်ကုစားပေးဖို့ အထူးအရေးကြီးပါတယ်။ နှိပ်စက်ညှည်းပန်းခဲ့ရသူတွေရဲ့ စိတ်ပိုင်းရုပ်ပိုင်း ပြင်းထန်စွာ နာကျင်မှုကို ကာကွယ်ကူညီစောင့်ရှောက်ပေးတဲ့ ပံ့ပိုးမှုအစီစဉ်တွေ ကျန်းမာရေးအရ ကူညီမှုတွေ လိုအပ်ပါတယ်။ ဒါ့အပြင် နောင်ဒါမျိုးမဖြစ်ဖို့အတွက် အကြမ်းဖက်စစ်တပ်အပြင် ဘယ်သူမှ ဒါမျိုး ကျူးလွန်မှုတွေ မဖြစ်ဖို့အတွက် ဥပဒေရေးရာအရ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ပြဋ္ဌာန်ပေးဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

၂၀၂၂ ကနေ  ၂၀၂၅ ခု မေ ၃၁ ရက်အထိ စစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်ပေါင်း  ၄၃၁ ခု  ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဝန်ကြီးဌာနဝန်ကြီးရဲ့  အချက်အလက်တွေအရ သိရပါတယ်။ 

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013