Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ
DVB
·
June 24, 2025
Photo: Kanchanaburi News

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား  ၄၁ ယောက် ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

ဇွန် ၂၃ ရက် မနက်အစောပိုင်းမှာ မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ပစ်ကပ် ကားတစီးကို ရဲတွေက မသင်္ကာလို့ တားဆီးချိန် မောင်းပြီး ထွက်ပြေးခဲ့တာမှာ ရွှံ့ဗွက်ထဲ နစ်မြုပ်သွားပြီးနောက် ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ကန်ကျနပူရီခရိုင် အုပ်ချုပ်ရေးမှူး အာတီစန် အင်ထာရာ့က ဘန်ကောက်ကားလိုင်စင်ပလိတ် ပြားတပ်ဆင်ထားတဲ့ အဆိုပါ အဖြူရောင်အီဆူဇူးပစ်ကပ်ကားဟာ နယ်စပ်ကနေ သောင်ဖဖမ်မြို့နယ်ကို ဖြတ်ပြီး ဟိုင်းဝေးလမ်းမ ၃၂၃ တလျှောက် မောင်းနှင်လာခဲ့တယ်လို့ ပြောပါ တယ်။

မနက်အစောပိုင်း ၃ နာရီ မိနစ် ၄၀ လောက်မှာတော့ လှည့်ကင်းအဖွဲ့က အဆိုပါကားကို သာခနွန်ဒေ သထဲမှာ တွေ့ရှိချိန်မှာတော့ ယာဉ်မောင်းဖြစ်သူက ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တာကြောင့် ကင်း လှည့်ရဲတပ်ဖွဲ့က သူတို့ယာဉ်နောက်ကနေ လိုက်လံခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ ကားဟာ ခဲနွိုင်းမြစ်ဆီ ဦးတည်သွားတဲ့ လမ်းကြောင်းပေါ် လှည့်သွားခဲ့ပြီး မကြာခင်မှာပဲ ရွှံ့ဗွက် ပိတ်မိသွားချိန်မှာ ရဲတွေက ယာဉ်ကို ဝိုင်းထားပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဖမ်းမိတဲ့ မြန်မာ ၄၁ ယောက်ထဲမှာတော့ အမျိုးသား ၃၃ ယောက်နဲ့ အမျိုးသမီး ၈ ယောက်ပါဝင်ပြီး သူတို့အားလုံးဟာ ထိုင်းစကားလုံးဝမပြောတတ်သလို ခရီးသွားအထောက်အထား စာရွက်စာတမ်း တစုံတရာ မပါရှိကြဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

ဘာသာပြန် အကူအညီနဲ့ သူတို့ကို စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ဟာ ရန်ကုန်၊ မော်လမြိုင်၊ ကချင်နဲ့ ပဲခူးဒေသတွေကနေ ဘုရားသုံးဆူမှာ စုခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူတို့ကို သဘာဝနယ်စပ်လမ်းအတိုင်း ထိုင်းနိုင်ငံဆီ ပို့ဆောင်ခဲ့ပြီး ဆန်ခလ ဘူရီခရိုင်မှာ အသက် ၄၀ အရွယ် ကမ်ဖွန်အမည်ရသူ ထိုင်းယာဉ်မောင်းက တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။

သူတို့ထဲက ၈ ယောက်ကိုတော့ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ အလုပ်ရမယ်ဆိုကာ တယောက်ကို ဘတ်ငွေ ၁၅,၀၀၀ စီ ပေးခဲ့ကြရပြီး ၃၃ ယောက်ကိုတော့ မလေးရှားနိုင်ငံဘက် ပို့ဆောင်ဖို့ ဘတ် ၅၅,၀၀၀ ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူတို့ကို သောင်ဖဖမ် ရဲစခန်းဆီ လွှဲပြောင်းပေးအပ်ပြီး မြန်မာ နိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: Bangkok Post 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013