ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ စာရေးဆရာ ငြိမ်းအေးအိမ်ရဲ့ ဈာပန အခမ်းအနားကို ဒီကနေ့ ဇွန် ၂၅ ရက်နေ့ မနက် ၁၁ နာရီက ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ကျင်းပခဲ့ပြီး ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
စာရေးဆရာငြိမ်းအေးအိမ်ရဲ့ ဈာပနအခမ်းနားကို မြန်မာစာပေ၊ ပန်းချီနဲ့ ရုပ်ရှင်နယ်ပယ်အသိုက်အဝန်းက အများအပြား လာရောက်ပို့ဆောင်ခဲ့ကြပါတယ်။ ဒါ့အပြင် ဗမာပြည်ကွန်မြူနစ်ပါတီအဖွဲ့ဝင်ဟောင်းတွေနဲ့ ကချင်ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်ဟောင်းတွေလည်း လာရောက်ပို့ဆောင်ခဲ့ကြပါတယ်။
အမည်ရင်း ဦးကျော်ကျော်ဦးဖြစ်တဲ့ စာရေးဆရာ ငြိမ်းအေးအိမ်ဟာ ၁၉၉၀ ပြည့်နှစ်ကာလများက သရဖူမဂ္ဂဇင်း ခေတ်ဦးကာလမှာ မဂ္ဂဇင်းထုတ်ဝေသူနဲ့ အယ်ဒီတာချုပ်လည်း ဖြစ်တဲ့အပြင် ပို့စ်မော်ဒန်မြန်မာ စာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာလည်း ဖြစ်ပါတယ်။
သူကိုယ်တိုင် ရေးသားခဲ့တဲ့ လုံးချင်းဝတ္ထုတွေ၊ ဝတ္ထုတိုတွေ၊ အက်ဆေးတွေအနက် အဝါရောင်ဆောင်းရက်များရဲ့ မိုးစက်ပုံပြင် စာအုပ်ဟာ ပို့စ်မော်ဒန် စာပေနှစ်သက်သူတွေကြားမှာ ဩဇာကြီးမားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ကင်ဆာရောဂါရဲ့ ပြင်းထန်တဲ့ဝေဒနာကို ခံစားနေရချိန်မှာပဲ စာရေး၊ စာဖတ်တဲ့ အလုပ်နဲ့မပျက်ကွက်ခဲ့ဘဲ ဒီအကြောင်းတွေကို သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် မျှဝေခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်သာရှိသေးတဲ့ ဆရာငြိမ်းလို့ တလေးတစားခေါ်ဆိုကြတဲ့ ငြိမ်းအေးအိမ်ဟာ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေးအခင်းမှာလည်း ပါဝင်ခဲ့ပြီး အကျဥ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတဦးလည်း ဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ခင်မာအေးနဲ့ သမီးတဦး၊ မြေးတဦး ကျန်ရစ်ခဲ့ပါတယ်။