Home
နိုင်ငံတကာ
အပစ်ရပ်ကြေညာပြီးနောက် အစ္စရေးလေဆိပ်များကို ပြန်ဖွင့်ရန် ပြင်ဆင်
DVB
·
June 25, 2025
Photo: Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အစ္စရေးနဲ့ အီရန်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြောင်း ကြေညာပြီးနောက်မှာ အစ္စရေးဟာ သူ့ရဲ့လေဆိပ်တွေကို အပြည့်အဝ ပြန်ဖွင့်ဖို့နဲ့ နိုင်ငံတကာခရီးသွားလာမှု တိုးချဲ့ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း အစ္စရေးနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မီရီရေဂတ်ဗ်က ဇွန် ၂၄ ရက်မှာ ပြောပါတယ်။

ပို့ဆောင်ရေးဝန်ကြီး မီရီ ရေဂတ်ဗ်က “ဒီအဆင့်ဟာ ပင်မဌာနချုပ်ရဲ့ ကန့်သတ်ချက်တွေ၊ လမ်းညွှန်ချက်တွေနဲ့ အညီ "Safe Return" အစီအစဉ်ရဲ့ အဆင့် ၄ မှာ ရှိနေတာဖြစ်ပြီးတော့ ဒါဟာ ဝင်ထွက်သွားလာကြတဲ့ ခရီးသွားတွေ တဖြည်းဖြည်း ပြန်ရှိလာတဲ့အဆင့်ပါ”လို့  ဘန်-ဂူရီယွန် လေဆိပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။

အစီအစဉ်ရဲ့ အဆင့် ၅ မှာတော့ နိုင်ငံခြားလေကြောင်းလိုင်းတွေကို နိုင်ငံတွင်းကို ပျံသန်းခွင့်ပေးမှာ ဖြစ်ပါတယ်။ 

အစ္စရေးရဲ့ ပြည်တွင်းစစ်ဌာနချုပ်က စစ်ပွဲအချိန်ကန့်သတ်ချက်တွေကို ပြောင်းလဲပြီးတော့ အစ္စရေးလေတပ်နဲ့ ထောက်လှမ်းရေး အေဂျင်စီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ချက်အရ ဒီအစီအစဥ်ကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း  ဝန်ကြီး မီရီရေဂတ်ဗ်က ပြောပါတယ်။

ဘန်ဂူရီယွန်လေဆိပ် (TLV) ကို ညဘက် အပါအဝင် တနေ့ကို ၂၄ နာရီ လည်ပတ်နိုင်စေဖို့ လေဆိပ်တွေကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး ဟိုင်ဖာလေဆိပ်ကိုတော့ မနက် ၈ နာရီမှ ည ၁၀ နာရီကြား လည်ပတ်မှာဖြစ်ပါတယ်။ 

ကာကွယ်ရေးဝန်ကြီးဌာနမှ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ တာဝန်တွေကို ပြန်လည်ပေးအပ်ပြီးတာနဲ့ ရာမွန်လေဆိပ်ကိုလည်း ပြန်လည်ပတ်သွားမှာဖြစ်ကြောင်းနဲ့ နယ်စပ်ဖြတ်ဂိတ်တွေကို ဆက်လက် လည်ပတ်နေပြီး ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ 

လေကြောင်းလိုင်းတွေနဲ့ အဆက်အသွယ်ရှိဖို့နဲ့ လေကြောင်းလိုင်းတွေရဲ့ အချိန်ဇယားတွေကို လကုန်အထိ အမြန်ဆုံး ထုတ်ပြန်ပေးဖို့ လေဆိပ်အာဏာပိုင်ကို ညွှန်ကြားထားကြောင်းလည်း ဝန်ကြီး ရေဂတ်ဗ်က ပြောပါတယ်။  

အစ္စရေးနဲ့ အီရန်တို့ရဲ့ အပြန်အလှန် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အစ္စရေးလေပိုင်နက်ကို သီတင်း ၂ ပတ်နီးပါး ပိတ်ထားခဲ့ရပေမဲ့ အစ္စရေးလေကြောင်းလိုင်းတွေဟာ လတ်တလော ရက်တွေအတွင်းမှာ အစ္စရေးနိုင်ငံကို ခရီးသွားတွေကို ပြန်လည်ပို့ဆောင်ဖို့အတွက် ကယ်ဆယ်ရေး လေယာဉ်တွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ကြေညာခဲ့ ပြီးနောက် အင်္ဂါနေ့မှာ လေယာဉ်အကြိမ်ရေ တိုးလာခဲ့ပေမယ့် အစ္စရေးက သူ့ရဲ့လေပိုင်နက်ကို အပြည့်အဝ ပြန်မဖွင့်ပေးသေးပါဘူး။ 

အစ္စရေးဟာ ခရီးသွား ၄၀,၀၀၀ နီးပါးကို အစ္စရေးကနေ ပြန်ထွက်ခွာခွင့်ပေးဖို့လည်း လုပ်ဆောင်နေပါတယ်။ 

ခရီးသွားအများအပြားကတော့ အီဂျစ်၊ ဂျော်ဒန် တို့ကနေ နယ်စပ်ဖြတ်ကျော် သွားခဲ့ကြတဲ့အပြင် လှေတွေနဲ့လည်း ဆိုက်ပရပ်စ်နိုင်ငံကို ထွက်ခွာခဲ့ကြတာ ဖြစ်ပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013