Home
နိုင်ငံတကာ
ထိုင်းပင်လယ်ကွေ့တွင် ဘတ်သန်းပေါင်း ၃,၀၀၀ တန်ဖိုးရှိ  အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ 
DVB
·
June 24, 2025
Photo: MGROnline

ထိုင်းအရှေ့တောင်ပိုင်း လယောင်းခရိုင် ထိုင်းပင်လယ်ကွေ့ရှိ သင်္ဘောတစီးပေါ်ကနေ အိုက်စ် စိတ်ကြွမူးယစ်ဆေးဝါး  အလေးချိန် ၂ တန်ခွဲနီးပါး ဖမ်းဆီးရမိတယ်လို့  ထိုင်းဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက  ဇွန် ၂၃ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ထိုင်းနိုင်ငံကို ကြားခံနယ်လုပ်ပြီး တတိယနိုင်ငံကို ဆက်လက်ပို့ဆောင်မယ့် အိုက်စ်မူးယစ်ဆေး အလေးချိန် ၂ ဒသမ ၄ တန်နီးပါး (၂၃၉၉  ကီလိုဂရမ်) ကို ထိုင်းပင်လယ်ပြင်ထဲမှာ ဖမ်းဆီးရမိခဲ့တယ်၊ အဲဒီမူးယစ်ဆေးတွေဟာ တတိယနိုင်ငံ ရောက်သွားရင် ဘတ်သန်းပေါင်း ၃၀၀၀ ကျော်တန်ဖိုးရှိမယ်၊ အဲဒီနိုင်ငံရောက်သွားရင် ထိုင်းနိုင်ငံလည်း နာမည်ပျက်မယ်၊ ပြည်တွင်းထဲ ရှိနေရင်လည်း တိုင်းပြည်ထူထောင်ရေးနဲ့ အနာဂတ်လူငယ်တွေအတွက်လည်း အန္တရာယ်ရှိတယ်၊ ခုလို မူးယစ်ဆေး အချီကြီးကို ဖမ်းဆီးရမိအောင် ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်တယ်၊  နောက်က ကြိုးကိုင်တဲ့ တရားခံကိုလည်း မကြာခင် ဖမ်းဆီးရမိပါလိမ့်မယ်၊ အချက်အလက်ပြည့်စုံမှ ထပ်ပြီးထုတ်ပြန်ပါမယ်လို့ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်က ပြောပါတယ်။ 

အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (DSI) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ယုထနားဖလဲ ကလည်း ဒီမတိုင်ခင်က ခရီးသည်တင်သင်င်္ဘောတစီးဟာ  မူးယစ်ဆေးဝါး တင်ပို့နေတယ်လို့ ကြိုတင် သတင်းရထားတာတယ်၊ ဇွန်လ ၂၁ ရက် ည ၁၁ နာရီလောက်မှာ အင်္ဂလိပ်လို “PAIKANCATAMARANS” လို့ ရေးထားတဲ့  မသင်္ကာဖွယ် သင်္ဘောကို  ကလိုင်မြို့နယ် ပတ်မန့်ကဆယ်အုပ်စု ပတ်နမ့်ကဆယ်ဆိပ်ကမ်းမှ  ရေမိုင် ၅ မိုင်အကွာလောက်မှာ တွေ့ရှိတယ်လို့ ပြောပါတယ်။

တာဝန်ရှိသူတွေက လှေ ၄ စီးနဲ့ အဆိုပါသင်္ဘောအနီး ကပ်သွားရာမှာ သင်္ဘောဟာ အရှိန်မြှင့်ခုတ်မောင်းပြီး အချို့က မသင်္ကာဖွယ်အထုတ်တချို့ ရေထဲ ပစ်ချသလို တချို့က အရေးတကြီး ဖုန်းဆက်နေဟန်ရှိတယ်၊ တာဝန်ရှိသူတွေက အသံပြုပြီး သင်္ဘောပေါ် တက်ရောက်စစ်ဆေးခွင့် တောင်းလိုက်တယ်၊ အဆိုပါသင်္ဘောပေါ်မှာ  အိတ်တွေထဲ ထည့်ထားတဲ့ အဖြူရောင် ပုံဆောင်ခဲ မြောက်မြားစွာတွေ့ရှိတယ်။ တာဝန်ရှိသူတွေက သင်္ဘောကို ကမ်းပြန်ကပ်ခိုင်းပြီး စစ်ဆေးရာမှာ အိတ်တွေထဲမှာ အိုက်စ်မူးယစ်ဆေးအလေးချိန် ၂၃၉၉ ကီလိုဂရမ် (၂ ဒသမ ၄ တန်နီးပါး) ရှိပြီး ထိုင်းတောင်ပိုင်းဘက်ကို တင်ပို့မယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး သင်္ဘောပေါ်က  ကပ္ပတိန် အပါအဝင် လူ ၈  ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားကာ စစ်ဆေးမေးမြန်းပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ ကုန်းပေါ်က ကွန်တိန်နာပါ အဖြူရောင် ၆ ဘီးကားတစီး၊ မီးခိုးရောင် ဟိုင်းလပ်စ် ကားတစီးတို့ကိုပါ သိမ်းဆည်းလိုက်တယ်လို့   ဗိုလ်မှူးကြီး ယုထနားဖလဲ က ပြောပါတယ်။ 

ဇွန် ၂၃ ရက်မှာပဲ ထိုင်းအလယ်ပိုင်း ဆလပူရီခရိုင် ချလိုမ်ဖရကစ်မြို့နယ်ထဲမှာ မတော်တဆ တိမ်းမှောက်သွားတဲ့ အိမ်စီးကားတစီးထဲကနေ ဘတ် ၁၃ သန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၃ သန်း ၂ သိန်းကို တာဝန်ရှိသူတွေ သိမ်းဆည်းရမိကြောင်း ဂျိုးချိုထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဇွန် ၂၃ တနေ့တည်း ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင်၊ မယ်ဖာ့လုန်မြို့နယ် မဲ့စလောင်း နောက်အုပ်စုထဲမှာလည်း စိတ်ကြွဆေးပြား ၄၀၂,၀၀၀ ကို ဖမ်းမိခဲ့တယ်၊ နံပါတ်ပြားတပ်မထားတဲ့ ဆိုင်ကယ် ၂ စီး နယ်စပ်ဘက်ကနေ ရှေ့ဆင့်နောက်ဆင့် မောင်းနှင်လာစဉ် တာဝန်ရှိသူတွေက စစ်ဆေး ဖမ်းဆီးလိုက်တယ်လို့ ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။ 

ဒီမတိုင်ခင် ဇွန် ၂၂ ရက်ညကလည်း ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်၊ မိုင်းန ကျေးရွာအုပ်စု အနုရိုထိုင်းကျေးရွာအနီးမှာ ထိုင်းစစ်တပ်နဲ့  မူးယစ်ဆေးဝါး သယ်ဆောင်အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီး ထိုင်းစစ်တပ်ဘက်က အိတ်အလုံး ၃၀ ထဲ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၆,၀၀၀ ,၀၀၀ (ခြောက်သန်း) သိမ်းဆည်းရမိတယ်လို့ Maesaipress  သတင်းမှာ ဖော်ပြပါတယ်။

Source : MGROnline / Chiangmai News / Maesaipress  / Jocho News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013