Home
နိုင်ငံတကာ
အစ္စရေးနှင့် အီရန် အပြန်အလှန်တိုက်ခိုက်၊ အီရန်မြို့တော်တွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်
DVB
·
June 20, 2025
Photo: Reuters

ဆိုရိုခါဆေးရုံ အပါအဝင် အစ္စရေး အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့က နေရာ ၄ ခု အီရန် ဒုံးကျည်တွေကြောင့် ဇူလိုင် ၁၉ ရက်က အပြင်းအထန် ပျက်စီးခဲ့ပြီး အစ္စရေးတပ်ဖွဲ့ဝင်တွေကလည်း အီရန်ရဲ့ အာရခ် ရေလေး နျူကလီးယား ဓာတ်ပေါင်းဖိုကို တိုက်ခိုက်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ကြာသပတေးနေ့ မနက်မှာ အစ္စရေးစစ်တပ်က ဒုံးကျည်သတိပေးချက် ထုတ်ပြန်ခဲ့ပြီး တဲလ်အဗီနဲ့ ဂျေရုဆလင်မြို့တွေမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပါတယ်။

အီရန်ရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် ဆေးရုံ အပါအဝင် အရပ်ဘက်ဧရိယာ အများအပြား ထိခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အီရန်ရဲ့ ခွန်ဒက်ဘ် နျူကလီးယားစက်ရုံရဲ့ အကြီးစား ရေသန့်စက်ရုံအနားက ဧရိယာကို အစ္စရေးက ပစ်မှတ်ထားခဲ့တယ်လို့ အီရန်အခြေစိုက် ISNA သတင်းဌာနက ထုတ်ပြန်ပါတယ်။

အစ္စရေးရဲ့ အီရန်မြို့တော် တီဟီရန်ကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုအသစ်က အီရန်မြို့တော်ရဲ့ အရှေ့ဘက်နဲ့ အရှေ့မြောက် အစိတ်အပိုင်းတွေကို ပစ်မှတ်ထားတာပါ။

ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ကြားနေရပြီး တိုက်ခိုက်ခံရတဲ့ နေရာတွေထဲက တခုက ဆေးယတ် ရှိရာဇီ အဝေးပြေးလမ်းမကြီးတလျှောက် ရေတပ်ဆေးရုံနားမှာ ဖြစ်တာလို့ CMG သတင်းဌာနက သတင်းထောက် အလီ မော်ဆာဝီက ပြောပါတယ်။

အီရန်မြို့တော်ကို အကြောက်တရားတွေက ချုပ်ကိုင်ထားတာကြောင့် သန်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းလာကြတယ်လို့ တီဟီရန်မြို့တော်ကနေ China Media Group (CMG) ရဲ့ သတင်းထောက် ဟူစိန် နီမတ်ဇာဒေးက ပြောပါတယ်။

အီရန်ထိပ်တန်းခေါင်းဆောင် ခါမေနီက အီရန်ဟာ အစ္စရေးနဲ့ ပဋိပက္ခမှာ အခိုင်အမာ ဆက်ရပ်တည်နေပြီး ဖိအားပေးလို့ လက်နက်ချမှာ မဟုတ်ဘူးလို့ ရုပ်မြင်သံကြား မိန့်ခွန်းကနေ ပြောပါတယ်။

အမေရိကန်စစ်တပ်ရဲ့ စွက်ဖက်မှုမှန်သမျှက ပြန်ပြင်မရတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်စေတယ် လို့လည်း ခါမေနီက သတိပေးခဲ့ပါတယ်။

“အီရန်နဲ့ သူ့ရဲ့သမိုင်းကို သိတဲ့သူတွေက ဒီနိုင်ငံကို ခြိမ်းခြောက်တာဟာ အချည်းနှီးဖြစ်တယ် ဆိုတာ နားလည်ပါတယ်” လို့လည်း ခါမေနီက ပြောခဲ့ပါတယ်။

ပြင်းထန်လာတဲ့ ရန်လိုမှုတွေကြားမှာ အမေရိကန်စစ်တပ်က ဝင်ရောက်စွက်ဖက်မလားဆိုတဲ့ အပေါ် ရွေးချယ်စရာတွေကို ချိန်ဆနေဆဲဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

အစောပိုင်းမှာ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက သူ့ပိုင်နက်နယ်မြေ အတွင်း တိုက်ခိုက်မှုမှန်သမျှကနေ ပြန်ပြင်လို့မရတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ အမေရိကန်ကို သတိပေးခဲ့ပါတယ်။

အီရန်အပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေကလည်း အမျိုးသမီးနဲ့ ကလေး အယောက် ၇၀ အပါအဝင် ၂၄၀ ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။

အစ္စရေးနိုင်ငံကို အီရန် တိုက်ခိုက်မှုအတွင်း လူ ၂၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013