Home
နိုင်ငံတကာ
လက်နက်ချရန် ထရမ့်ပ် တောင်းဆိုချက် အီရန်အဓိပတိ ပယ်ချပြီး အမေရိကန်ကို သတိပေး
DVB
·
June 19, 2025
Photo: Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ခြွင်းချက်မရှိ လက်နက်ချဖို့ တောင်းဆိုချက်ကို အီရန်ရဲ့ အဓိပတိခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီက ဇွန် ၁၈ ရက်မှာ ပယ်ချလိုက်ပါတယ်။

ထရမ့်ပ်ရဲ့ တောင်းဆိုချက်ကို သူ့နိုင်ငံက လက်ခံမှာ မဟုတ်ဘူးလို့လည်း အသက် ၈၆ နှစ်ရှိ ခါမေနီက ဇွန် ၁၃ ရက်ကတည်းက သူ့ရဲ့ ပထမဆုံးအကြိမ် မျက်နှာထုတ်ပြတဲ့အနေနဲ့ ကြိုတင်ရိုက်ကူးထားတဲ့ ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် ငြိမ်းချမ်းရေးလား၊ စစ်ပွဲလား၊ ဘာကိုမှ အတင်းအကျပ် လုပ်လို့မရဘူးလို့ ခါမေနီက ပြောကြားပြီး အီရန်နိုင်ငံဟာ အခုအချိန်အထိ မတရားတဲ့စစ်ပွဲကို ရင်ဆိုင်နေရတာဖြစ်ပြီး မတရားတဲ့ တဖက်သတ် ငြိမ်းချမ်းရေးကိုလည်း ရင်ဆိုင်နေရကြောင်းနဲ့ မတရားဖိနှိပ်မှုတွေကို ရင်ဆိုင်ရချိန်မှာ ဘယ်သူ့ကိုမှ လက်နက်ချမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အမေရိကန်စစ်တပ်ရဲ့ စွက်ဖက်မှု မှန်သမျှဟာ ပြန်ပြုပြင်လို့မရနိုင်တဲ့ ပျက်စီးမှုတွေနဲ့ အတူပါလာမယ် ဆိုတာကို အမေရိကန်တွေ သိထားသင့်တယ်လို့လည်း ခါမေနီက ပြောဆိုပါတယ်။

တကယ်တော့ ဒီဒေသရဲ့ နိုင်ငံရေးနဲ့ ရင်းနှီးတဲ့ အမေရိကန်တွေဟာ ဒီနယ်ပယ်မှာ အမေရိကန်ရဲ့ စစ်ရေးစွက်ဖက်မှုဟာ သူတို့ပျက်စီးဖို့ ၁၀၀ ရာခိုင်နှုန်းရှိပြီး အမေရိကန်ရဲ့ နစ်နာမှုဟာ အီရန်ထက် အများကြီး ပိုကြီးမားလိမ့်မယ်ဆိုတာ သိထားပြီးသားပါလို့လည်း ဆိုပါတယ်။

သံတမန်ရေးအရ ကမ်းလှမ်းမှုကနေ စစ်ပွဲကို အဆုံးသတ်ဖို့ ခြိမ်းခြောက်မှုတွေအထိ ပါဝင်ခဲ့တဲ့ ထရမ့်ပ်ရဲ့ ဆိုရှယ်မီဒီယာပို့စ်တွေဟာ သူ့ရဲ့ရည်ရွယ်ချက်အပေါ် အပိုင်တွက် မှန်းဆလို့မရအောင် ရေးထားတာ ဖြစ်ပါတယ်။

ဇွန် ၁၇ ရက်က ထရမ့်ပ်ဟာ Truth ဆိုရှယ်မီဒီယာပေါ်မှာ ခါမေနီအကြောင်း ရေးခဲ့တာဖြစ်ပြီး “အဓိပတိ ဆိုတဲ့ ခေါင်းဆောင်ကြီး ဘယ်မှာပုန်းနေလဲဆိုတာ အတိအကျ သိထားတယ်။ အနည်းဆုံးတော့ လောလောဆယ်တော့ သူ့ကို သတ်ပစ်မှာ မဟုတ်ဘူး။ ငါတို့လည်း စိတ်သိပ်ရှည်တာတော့ မဟုတ်ဘူး” ဆိုပြီး ရေးထားတာပါ။

ထရမ့်ပ်ဟာ အီရန် နျူကလီးယားဆိုက်တွေကို တိုက်ခိုက်ရာမှာ အစ္စရေးနဲ့ ပူးပေါင်းခြင်း အပါအဝင် ရွေးချယ်စရာတွေကို စဉ်းစားနေကြောင်း သတင်းရင်းမြစ်တခုက ပြောဆိုပါတယ်။

အစ္စရေးစစ်လေယာဉ်တွေဟာ မြို့တော် တီဟီရန်ကို ညတွင်းချင်း ဗုံးကြဲပြီးနောက် ဇွန် ၁၈ ရက်နေ့မှာ ထောင်နဲ့ချီတဲ့ လူတွေဟာ တီဟီရန်မှ ထွက်ပြေးခဲ့ကြပါတယ်။

အစ္စရေး ဂျက်တိုက်လေယာဉ်အစီး ၅၀ ဟာ အီရန်ရဲ့ ဒုံးကျည်ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းတွေ၊ အစိတ်အပိုင်းတွေနဲ့ ထုတ်လုပ်ရေးစနစ်တွေ အပါအဝင် တီဟီရန်ရှိ ပစ်မှတ် ၂၀ လောက်ကို ညတွင်းချင်း တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013