Home
နိုင်ငံတကာ
“တိုက်ပွဲစပြီ” ဟု အီရန် ထိပ်တန်းခေါင်းဆောင် ခါမေနီ သတိပေး
DVB
·
June 18, 2025
Photo: Reuters

အီရန်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက “တိုက်ပွဲစနေပြီ” လို့ အစ္စရေးကို ပြောရင်း ဇွန် ၁၈ ရက် အရုဏ်တက်ချိန်က ဆိုရှယ်မီဒီယာပေါ်မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

သူ ဒီလိုမပြောခင် နာရီပိုင်းအလိုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန် ထိပ်တန်းခေါင်းဆောင်ကို “လွယ်တဲ့ပစ်မှတ်” လို့ခေါ်ပြီး အမေရိကန်ရဲ့ “သည်းခံခြင်းက ပါးပါးလေး” လို့ ပြောရင်း “ခြွင်းချက်မရှိ လက်နက်ချ” ဖို့ အီရန်ကို တောင်းဆိုခဲ့ပါတယ်။

ထရမ့်ပ်က အီရန် နျူကလီးယား စက်ရုံတွေကို တိုက်ခိုက်ရာမှာ အမေရိကန်စစ်တပ်ရဲ့ ပိုင်ဆိုင်မှုတွေကို သုံးဖို့ သွေးပူတာ ပိုတိုးလာနေတယ်၊ ပဋိပက္ခကို အဆုံးသတ်ရေး သံတမန်နည်းလမ်းအရ ဖြေရှင်းဖို့ စိတ်ကူးကို ရှုတ်ချနေတယ်လို့ အရာရှိ ၂ ယောက်က CNN သတင်းဌာနကို ပြောပါတယ်။

အီရန်က လိုက်လျောပေးမယ်ဆိုရင် သံတမန်နည်းလမ်းအရ ဖြေရှင်းဖို့ လမ်းဖွင့်ထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပေမဲ့ တင်းမာတဲ့ အပြုအမူက ထရမ့်ပ်ရဲ့ချဉ်းကပ်ပုံ အပြောင်းအလဲကို ကိုယ်စားပြုတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ အီရန်ရဲ့ အာရုံခံကိရိယာနဲ့ ဒုံးကျည်ထုတ်လုပ်တဲ့ နေရာတွေကို လေယာဉ် ၅၀ ကျော်ပါတဲ့ စစ်ဆင်ရေးနဲ့ စတိုက်ခိုက်ခဲ့တယ်လို့ စစ်တပ်က ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ထောက်လှမ်းရေးဌာနခွဲက တိကျတဲ့ ထောက်လှမ်းရေးလမ်းညွှန်မှုအောက်မှာ လေတပ် တိုက်လေယာဉ် အစင်း ၅၀ ကျော်ဟာ မကြာသေးမီ နာရီပိုင်းအတွင်း တီဟီရန်မြို့တော်ဒေသက စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ဆက်တိုက် တိုက်ခိုက်ပြီးမြောက်ခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ပစ်မှတ်တွေထဲမှာ မြေပြင်ကနေ မြေပြင်ကိုပစ်တဲ့ ဒုံးကျည်၊ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေကို ထုတ်လုပ်တဲ့ နေရာတွေ ပါတယ်လို့ စစ်တပ်က ပြောပါတယ်။

အီရန်ရဲ့ “နျူကလီးယားလက်နက်များ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်” ကို ကျောထောက်နောက်ခံ ပြုနိုင်တဲ့ တီဟီရန်မြို့တော်က စက်ဒလက် ထုတ်လုပ်ရေးစက်ရုံကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။

ဒီစက်ဒလက်တွေဟာ “နျူကလီးယားလက်နက်တွေ တီထွင်ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ အီရန်အစိုးရအတွက် ယူရေနီယံကို သန့်စင်စေတယ်” လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဒါပေမဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အဓိပ္ပာယ်ပြန်ဆိုပုံမှာ အမေရိကန်နဲ့ အစ္စရေးတို့ မကြာခဏ ကွဲလွဲလေ့ရှိတယ်လို့ အမေရိကန်စစ်ဘက်နဲ့ ထောက်လှမ်းရေးအရာရှိတွေက ပြောပါတယ်။

မကြာသေးမီက မတ်လမှာ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး တူစီ ဂါဘတ်က အီရန် ထိပ်တန်းခေါင်းဆောင် အလီခါမေနီဟာ ၂၀၀၃ ခုနှစ်မှာ ဆိုင်းငံ့ထားတဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို ပြန်စဖို့ ခွင့်မပြုထားဘူးလို့ အမေရိကန်ထောက်လှမ်းရေး အသိုက်အဝန်းက အကဲဖြတ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013