Home
မြန်မာသတင်း
မုံရွာ-ချောင်းဦးလမ်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ သုံးပွင့်ဗိုလ်အပါအဝင် ၃ ဦးသေဆုံး
DVB
·
June 19, 2025
Photo: BHA

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းမပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ကားကို ဇွန် ၁၆ ရက်နေ့၊ ည ၁၁ နာရီခွဲဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အရာရှိဗိုလ် အပါအဝင် ၃ ယောက် သေဆုံးကာ လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Brave Heart Army (BHA) က ဇွန် ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

BHA ရဲ့ ပြန်ကြားရေးတာဝန်ခံက “မုံရွာ-မန္တလေးလမ်းပေါ်မှာ ချောင်းဦးထွေအုပ်ရုံးထဲကနေ မုံရွာဘက်ကို အိမ်စီးကားနဲ့ ထွက်လာတဲ့ကောင်တွေကို သတင်းရလို့ လမ်းကနေ အသင့်ကြိုစောင့်ပြီး မုံရွာနယ်ထဲက တောပုရွာနားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးပွင့်ဗိုလ်အရာရှိအပါအဝင် ၃ ယောက် သေဆုံးကာ လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီကားပေါ်မှာက သေတဲ့ကောင် ၃ ကောင်နဲ့ဆို ၅ ကောင် ပါလာတာ။ ၂ ကောင်ကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်။ ကားပေါ်ကကနေ သူတို့ ပါလာတဲ့ လက်နက်တွေ သိမ်းပြီးတော့ ကားကို မီးရှို့ခဲ့ပါတယ်။ သူတို့ဘက်ကနေ ပြန်ပြီးပစ်ချိန်ကို မရလိုက်တာ။ သေတဲ့​ သုံးပွင့်ဗိုလ်ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ နောက်မှ ပြောပြပေးပါမယ်” လို့ BHA အဖွဲ့တာဝန်ခံ ကိုဖိုးသားကြီး က DVB ကို ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ MA1၊ ပါရီ၊ MA5၊ M9၊ Sig Batter (အရှည် ၂ လက်၊ အတို ၃ လက်) တို့အပါအဝင် လက်ကိုင်ဖုန်း ၃ လုံးနဲ့ အရာရှိဝန်ထမ်းကတ်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

Brave Heart Army (BHA) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်း တပ်မ ၃၃ ကနေ ထွက်လာကြတဲ့ ကြေးနီတင်ယာဥ်တန်းကို မုံရွာ-မန္တလေးလမ်းပေါ်က မအူစစ်ကောင်စီဂိတ်အနီးမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြသေးလို့ ကြေးနီတင်ကား ၂ စီး ပျက်စီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း သေဆုံးဒဏ်ရာရခဲ့ကြသေးတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013