Home
မြန်မာသတင်း
စစ်တပ် ဖမ်းဆီးထားသည့် ကျောက်ဖြူက စက်လှေသမား ၃ ဦး ပြန်မလွတ်သေး
DVB
·
June 18, 2025

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သဲချောင်းကျေးရွာက စက်လှေသမား ၃ ယောက်ကို စစ်ကောင်စီရေတပ်က ဖမ်းဆီးထားတာ ၁၄ ရက်ခန့် ကြာမြင့်လာပြီ ဖြစ်ပေမဲ့ ပြန်လွတ်လာတာ မရှိသေးဘဲ ကျောက်ဖြူရဲစခန်းမှာ ချုပ်နှောင်ထားဆဲဖြစ်တယ်လို့ ကျောက်ဖြူဒေသခံ တယောက်က ပြောပါတယ်။

အခု ဖမ်းဆီးခံထားရတဲ့ စက်လှေသမား ၃ ယောက်ဟာ မြေပုံမြို့နယ်က ကျောက်ဖြူမြို့နယ်ကို အပြန်မှာ မြေပုံမြို့နယ် င/ပသုန်ကျေးရွာအနီးက ပင်လယ်ပြင်မှာ ရပ်ထားတဲ့ စစ်ကောင်စီရဲ့ ရေတပ်သင်္ဘာတစင်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိ ကျောက်ဖြူရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“အခု ဖမ်းဆီးခံထားရသူတွေက ငါးအရောင်းအဝယ် လုပ်ကြသူတွေလို့ သိရတယ်။ သူတို့က ကျောက်ဖြူနဲ့ မြေပုံဘက်ကို ငါးအရောင်းအဝယ် လုပ်ကြတာ။ အဲဒီမှာ မြေပုံဘက်ကနေ ကျောက်ဖြူ အလာမှာ င/ပသုန်ရွာအနီးမှာ ရပ်ထားတဲ့ စစ်ကောင်စီ ရေတပ်က ဖမ်းဆီးခဲ့တာ။ အခုတော့ သူတို့ ၃ ဦးလုံးကို ကျောက်ဖြူမြို့မ ရဲစခန်းမှာ ချုပ်ထားပြီးတော့ ပြန်လွတ်တာတော့ မရှိသေးဘူး။ ဇွန်လ ၁၈ ရက်နေ့ ဒီနေ့အထိဆိုရင် သူတို့ကို ဖမ်းဆီးထားတာ ၁၄ ရက်အထိ ရှိလာနေပြီ။”

အခုဖမ်းဆီးခံရသူ ၃ ယောက်ဟာ ကျောက်ဖြူမြို့နယ်၊ သဲချောင်းကျေးရွာက ဦးဖိုးတင် (၆၈ နှစ်)၊ ကိုဒေါင်းကြီး (၂၇ နှစ်) နဲ့ ကိုထက်မြတ်ကျော် (၂၀ နှစ်) တို့ ဖြစ်ကြပြီး သူတို့ကို ဇွန် ၄ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ သူ့တို့ရဲ့ စက်လှေကိုလည်း စစ်ကောင်စီက ငလပွီဆိပ်ကမ်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမှာ စစ်ကောင်စီက မြို့တွင်းကနေ မြို့ပြင်ထွက်ခွင့်ကိုလည်း ပိတ်ပင်ထားသလို ပင်လယ်ပြင် ရေကြောင်းသွားလာမှုကိုလည်း တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတယ်လို့ ကျောက်ဖြူမြို့ခံ နောက်ထပ်အမျိုးသားတယောက်က ပြောပါတယ်။

“ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်လာကတည်းက စစ်ကောင်စီက မြို့တွင်းကလူတွေကို မြို့ပြင်ထွက်ခွင့် ပိတ်ပင်ထားတယ်။ အရင်တုန်းကဆိုရင် ထွေအုပ်က ထောက်ခံစာတွေပါရင် မြို့ပြင်ကို ထွက်လို့ရသေးတယ်။ အခုက ဘယ်သူမှ ထွက်လို့မရဘူး။ ရေကြောင်းနဲ့လည်း ထွက်ခွင့်မရှိဘူး။ စစ်ကောင်စီက နေဗီတွေ ဖြည့်တင်းထားပြီး အသွားအလာတွေ အားလုံးကို တင်းကျပ်ထားတယ်။”

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ အမှတ် ၃၂ ရဲတပ်ရင်းကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ခမရ ၅၄၂၊ ခမရ ၅၄၃ နဲ့ ခလရ ၃၄ တပ်ရင်းတို့ကိုလည်း အာရက္ခတပ်တော်က လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၂၀ ရက် ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားနေပြီး လက်ရှိမှာ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်တွေအထိ ထိုးစစ်ဆင် တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013