Home
မြန်မာသတင်း
စစ်တပ်က အင်အားသုံး စစ်ကြောင်းထိုးနေသဖြင့် မင်းကွန်းဒေသခံများ ထွက်ပြေး
DVB
·
June 17, 2025

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ကျေးရွာ ၈ ရွာက ဒေသခံတွေ ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီကနေ သိရပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းနေပြီး စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်ကြရသေးဘဲ စားဝတ်နေရေး အခက်အခဲတွေပါ ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်အရေး ကူညီနေသူတယောက်က “ရုတ်တရက် ထွက်ခွာလာရခြင်းနဲ့ နေ့စဥ်မပြတ် မိုးရွာသွန်းမှုကြောင့်လည်း စားသောက်နေထိုင်ရေး အခက်အခဲတွေ ရှိနေပြီး စားနပ်ရိက္ခာ အကူအညီတွေပါ လိုအပ်နေကြတယ်။ စစ်ကိုင်းတိုင်းအတွင်းကို စစ်ကောင်စီက အရမ်းမဲပြီး စစ်တပ်အင်အားတွေ မတရားသုံးနေတယ်” လို့ ပြောပါတယ်။

မင်းကွန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “ဇွန်လ ၁၁ ရက်နေ့ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်နေတာ ဒီကနေ့ဆိုရင် ၆ ရက်မြောက်ရှိပြီ။ ကျနော်တို့ ၅ ရက်တိတိ ခုခံကာကွယ် တိုက်ခိုက်နေတယ်။ တပ်မမှူးပါတဲ့ အင်အား ၁၅၀၊ ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်းကို ကျနော်တို့ ရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စုပေါင်းပြီး ခုခံကာကွယ် တိုက်ခိုက်နေကြတာ၊ လက်ရှိမှာ အပြစ်မဲ့ပြည်သူ ၄ ဦးကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ထားတယ်” လို့ ပြောပါတယ်။

ယူနီကွန်း ​ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဂျူးလစ်က “လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းတွေက ကင်းရွာနဲ့ ချောင်းမကျီးရွာကြားထဲက ဘုန်းကြီးကျောင်းမှာ အထိုင်ချ တပ်စွဲထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်။ ဒေသခံပြည်သူတွေ အနေနဲ့တော့ ဘေးလွတ်ရာတွေမှာ ဖြစ်သလို နေထိုင်စားသောက်နေကြရတယ်။ ခုဆိုရင် တိုက်ပွဲရက်ရှည်ကြာလာတာနဲ့အမျှ ဒေသခံပြည်သူတွေ စားဝတ်နေရေး ခက်ခဲလာနေပြီး စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်အထိ ရှိလာနေတာကြောင့် အနယ်နယ်အရပ်ရပ်က တော်လှန်ပြည်သူတွေ အနေနဲ့ ဝိုင်းဝန်းကူညီပေးစေချင်တယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို စစ်ကောင်စီ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တာတွေ ပိုမိုများပြားလာနေပြီး လက်ရှိမှာ စစ်ဘေးဒုက္ခရောက်နေသူတွေကို  Revolution Family အဖွဲ့နဲ့ Help & Rescue for Crisis Victims အဖွဲ့တွေက ကူညီဆောင်ရွက်ပေးနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013