Home
နိုင်ငံတကာ
အီရန်အဓိပတိကို ရှင်းပစ်ခြင်းကသာ ပဋိပက္ခ အဆုံးသတ်လိမ့်မည်ဟု အစ္စရေးပြော
DVB
·
June 17, 2025
Photo: Reuters

အီရန်နိုင်ငံရဲ့ အဓိပတိခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီကို သတ်ဖြတ်လိုက်ခြင်းဟာ အစ္စရေးနဲ့ အီရန် ၂ နိုင်ငံအကြား ပဋိပက္ခကို အရှိန်မြင့်လာမှာထက်ကို စစ်ပွဲအဆုံးသတ်မယ့်နည်းလမ်းလို့ ယုံကြည်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက  အေဘီစီ သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

“အစ္စရေးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ခဲ့ပြီးတော့ အခွင့်အရေးတွေ ပေးခဲ့ပြီးပြီ။ အံကြိတ် သည်းခံခဲ့ပြီးပြီ။ သမ္မတ ထရမ့်ပ် လိုချင်တဲ့ ရလဒ်ကို စေ့စပ်ညှိနှိုင်းဖို့ တတ်နိုင်သမျှ လုပ်ခဲ့ပေမဲ့ စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းမှာ အမေရိကန်နဲ့ ညှိနှိုင်းနေချိန်မှာပဲ အီရန်ရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ ခါမေနီကအစ္စရေးကို သေဖို့ပဲ နေ့တိုင်းလိုလို တွစ်တာမှာ ရေးနေတယ်။ ဆွေးနွေးပွဲတွေက အပေါ်ယံမျက်နှာပဲ” လို့ အစ္စရေးဝန်ကြီးချုပ်ကပြောခဲ့တာပါ။

မကြာသေးတဲ့ရက်တွေအတွင်းက အစ္စရေးရဲ့ ခါမေနီကို သတ်ဖြတ်ဖို့ အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗီတိုအာဏာနဲ့ ပယ်ချခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ရိုက်တာကို ပြောပါတယ်။

အေဘီစီသတင်းဌာနမှ အဓိက သတင်းတင်ဆက်သူ ဂျိုနသန် ကားလ်က အီရန် ထိပ်တန်းခေါင်းဆောင်ကို ပစ်မှတ်ထား ရှင်းပစ်မယ့် အစ္စရေးရဲ့ အစီအစဉ်ကို အမေရိကန်က ပယ်ချလိုက်တာဟာ ပဋိပက္ခတွေ တိုးလာမှာ စိုးရိမ်တဲ့အတွက်လို့ နားလည်ထားကြောင်း ပြောရာမှာတော့ နေတန်ယာဟုက ပဋိပက္ခတွေ တိုးလာမှာ မဟုတ်ဘဲ အဆုံးသတ်သွားမှာလို့ သေချာပြန်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ ဇွန် ၁၆ ရက်က သတင်းစာရှင်းလင်းပွဲ တခုမှာလည်း အစ္စရေးဟာ အီရန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို ဖယ်ရှားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး အီရန်ဟာ စေ့စပ်ညှိနှိုင်းရေးကို ပြန်သွားဖို့ ကြိုးပမ်းနေတယ် ဆိုတဲ့ သတင်းတွေကိုလည်း အံ့ဩမနေကြောင်းလည်း ပြောဆိုပါတယ်။

အစ္စရေးဟာ အရင်က သံတမန်ရေးအရ လုပ်ဆောင်ခဲ့ပေမဲ့ တီဟီရန်က သူ့ကို ဆန့်ကျင်နေတာကိုသာ မြင်တွေ့ခဲ့ရကြောင်း နေတန်ယာဟုက ပြောပါတယ်။

အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားရုံးချုပ်ကို အစ္စရေးက တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ နေတန်ယာဟုက အီရန်ပြည်သူတွေဟာ ဒီရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဆီကနေ လွတ်မြောက်ဖို့ ကြိုးပမ်းနေကြပြီး အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်ဖို့ အရေးကြီးပါတယ် လို့လည်း ပြောကြားခဲ့ပါတယ်။

အစ္စရေးဟာ ဇွန် ၁၃ ရက် မနက်ပိုင်းမှာ အံ့အားသင့်ဖွယ် တိုက်ခိုက်မှုတခု ပြုလုပ်ခဲ့ပြီး အီရန်ရဲ့ စစ်ဘက်ဆိုင်ရာ ထိပ်တန်းနေရာတွေကို ချေမှုန်းကာ သူ့ရဲ့ နျူကလီးယားနေရာတွေကိုလည်း ဖျက်ဆီးခဲ့ပြီး လာမယ့်ရက်တွေမှာ တိုက်ပွဲတွေ အရှိန်မြှင့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးအပေါ် ဒုံးကျည်ပေါင်းများစွာကို ပစ်လွှတ်ခဲ့ပြီး ရန်သူတော်ဟောင်းကြီးတွေအကြား အကြီးမားဆုံး ထိပ်တိုက်ရင်ဆိုင်မှု ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013