Home
နိုင်ငံတကာ
တီဟီရန်မှ ချက်ချင်းတိမ်းရှောင်ကြရန် ထရမ့်ပ် သတိပေး၊ G7 ဆွေးနွေးပွဲမှ ထရမ့်ပ် ထွက်ခွာ
DVB
·
June 17, 2025
Photo :Reuters

အီရန်နိုင်ငံမြို့တော် တီဟီရန်ကနေ “လူတိုင်း ချက်ချင်းတိမ်းရှောင်ကြဖို့” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူပိုင်တဲ့ လူမှုကွန်ရက် Truth Social မှာ သတိပေးခဲ့ပါတယ်။

“အရှင်းဆုံးပြောရရင် အီရန် နျူကလီးယားလက်နက်ပိုင်ဖို့ မဖြစ်နိုင်ဘူး။ ကျုပ် ထပ်တလဲလဲ ပြောခဲ့ပြီးပြီ” လို့ ပါ ထရမ့်ပ်က ရေးသားခဲ့တာဖြစ်ပါတယ်။

“စစ်ဘက်အဆောက်အအုံတွေကို ပစ်မှတ်ထား” တိုက်ခိုက်တော့မှာ ဖြစ်တဲ့အတွက် တီဟီရန်မြို့တော် အရှေ့မြောက်ပိုင်း နေရာတချို့က ဒေသခံတွေ နေရာရွှေ့ပြောင်းဖို့ အစ္စရေးဘက်က ထုတ်ပြန်ခဲ့ပြီး မကြာမီမှာ ထရမ့်ပ်က အခုလို ရေးသားခဲ့တာ ဖြစ်ပါတယ်။

တနင်္လာနေ့က အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနကို အစ္စရေးက တိုက်ခိုက်ခဲ့သလို အီရန်ရဲ့ မြေအောက် ယူရေနီယမ်သန့်စင်စက်ရုံလည်း ဆိုးဆိုးရွားရွား ပျက်စီးသွားပြီလို့ ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ IAEA က ထုတ်ပြန်ပါတယ်။

ဒီအချိန်မှာ ဝေဟင်စစ်ပွဲမှာ အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် အမေရိကန်က အစ္စရေးကို ဖိအားပေးဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ကနေဒါမှာ G7 ထိပ်သီးဆွေးနွေးပွဲ တက်နေတဲ့ ထရမ့်ပ်ဟာ အရေးကြီးကိစ္စတွေ ကိုင်တွယ်ဖို့ ညတွင်းချင်း အမေရိကန် ပြန်သွားခဲ့ပြီး အမျိုးသားလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးလည်း ကျင်းပမယ်လို့ သိရပါတယ်။

ဒါပေမဲ့ အမေရိကန်ဟာ အစ္စရေးထိုးစစ်မှာ ပါဝင်ဖို့အတွက်လို့ ဆိုလိုရာမရောက်ဘူးလို့ CBS သတင်းဌာနက ဖော်ပြပါတယ်။

ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က အရှေ့အလယ်ပိုင်း အမေရိကန်ရဲ့ ခံစစ်ပြင်မှု အားကောင်းအောင်လို့ ထပ်တိုးစွမ်းဆောင်ရည်တွေ ချထားဖို့ ရှိတယ်လို့ အစောပိုင်းမှာ ပြောထားပါတယ်။

တီဟီရန်မှာ လူဦးရေ ၁၀ သန်းလောက် ရှိတာကြောင့် ချက်ချင်းရွှေ့ပြောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဒေသခံတွေက ဘီဘီစီသတင်းဌာနကို ပြောပါတယ်။

ဇွန် ၁၆ ရက် ညပိုင်းမှာရော ၁၇ ရက် မနက်ပိုင်းအထိပါ  မြို့လမ်းမပေါ်မှာ ကားတွေ ပိတ်ဆို့နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အစ္စရေးနိုင်ငံတွင်းမှာလည်း မကြာခဏ အရေးပေါ်ဥဩဆွဲသံတွေ ကြားနေရပေမဲ့  ၁၆ ရက်နေ့မှာ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားတော့ မရှိဘူးလို့ သိရပါတယ်။

တရားဝင်ထုတ်ပြန်မှုတွေအရ ပြီးခဲ့တဲ့ သောကြာနေ့ အစ္စရေးစတင်တိုက်ခိုက်ချိန်ကစလို့ ၁၆ ရက်နေ့အထိ အီရန်မှာ သေဆုံးသူ ၂၂၄ ယောက်ထက်မနည်း ရှိသွားပြီဖြစ်ပါတယ်။ အစ္စရေးမှာလည်း သေဆုံးသူ ၂၄ ယောက်အထိ ရှိလာပြီလို့ သိရပါတယ်။ သေဆုံးထိခိုက်စာရင်းဟာ အချိန်နဲ့အမျှ အပြောင်းအလဲရှိနိုင်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013