Home
နိုင်ငံတကာ
မင်နီဆိုးတားပြည်နယ်က လွှတ်တော်အမတ် ၂ ဦးအား လုပ်ကြံသတ်ဖြတ်သူကို ဖမ်းမိ
DVB
·
June 16, 2025
Photo: RAMSEY COUNTY SHERIFF'S OFFICE VIA FACEBOOK

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်မှာ ဒီမိုကရက်တစ် လွှတ်တော်အမတ် မယ်လစ်ဆာ ဟော့တ်မန်းနဲ့ ခင်ပွန်းတို့ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး သံသယရှိသူတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီ ဖြစ်ပါတယ်။

ဒါဟာ ပြည်နယ်သမိုင်းတလျှောက် အကြီးမားဆုံး တရားခံရှာဖွေရေး​လုပ်ငန်းစဉ် ဖြစ်ခဲ့သလို SWAT ရဲအထူးတပ်ဖွဲ့တွေ အပါအဝင် တရားဥပဒေစိုးမိုးရေး အရာရှိပေါင်း ၁၀၀ ကျော်လည်း ပါဝင်ခဲ့ပါတယ်။

အခင်းဖြစ်ပွားရာ အနီးအနားက နေအိမ်တွေ အပါအဝင် ဧရိယာတခုလုံးကိုပါ ပိုက်စိပ်တိုက် ရှာဖွေခဲ့တဲ့အကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြန်ပြောပြပါတယ်။

အဲဒီနောက် ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာကနေ တနာရီလောက်မောင်းရတဲ့ ဆစ်ဘလီကောင်တီမှာ သံသယရှိသူရဲ့ကားကို ရှာတွေ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇွန် ၁၄ ရက် မနက် အစောပိုင်းတုန်းက အသက် ၅၇ နှစ်အရွယ် ဗန့်စ် ဘိုလ်တာဟာ ရာဘာမျက်နှာဖုံးနဲ့  ရဲအယောင်ဆောင်ပြီး ပြည်နယ်လွှတ်တော်အမတ် ဟော့တ်မန်းနဲ့ ခင်ပွန်းဖြစ်သူ မာ့ခ် တို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် ရဲတွေနဲ့ပါ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သံသယရှိသူဟာ ခြေလျင်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

နောက်ထပ် သီးခြားတိုက်ခိုက်မှု တခုမှာလည်း သံသယရှိသူက အထက်လွှတ်တော်အမတ် ဂျွန် ဟော့ဖ်မန်းနဲ့ ဇနီးသည် အီဗတ် တို့ကို ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရခဲ့ပေမဲ့လည်း အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

ဒါကြောင့် သံသယရှိသူဟာ ဟော့တ်မန်း-စုံတွဲရဲ့ သေဆုံးမှုအတွက် ဒုတိယအဆင့်လူသတ်မှု ၂ ခု၊ ဟော့ဖ်မန်း-စုံတွဲရဲ့ သေနတ်ဒဏ်ရာအတွက် ဒုတိယအဆင့် လူသတ်ဖို့ ကြိုးပမ်းမှု ၂ မှုနဲ့ စွဲချက်တင်ခံထားရပါတယ်။

နောက်ဆက်တွဲပစ်မှတ် ဖြစ်လာနိုင်တဲ့ အယောက် ၇၀ စာရင်းထဲမှာ ဒီမိုကရက်တွေချည်း ပါဝင်နေပြီး အခုလိုမျိုး ကျူးလွန်ရတဲ့ အကြောင်းအရင်းကိုတော့ အသေးစိတ် မသိရသေးပါဘူး။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ ဒါဟာ “ပြည်နယ်ဥပဒေပြု အမတ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု” ဖြစ်ပုံရတဲ့အပြင် “ဒီလိုမျိုး ရက်စက်တဲ့ အကြမ်းဖက်မှုတွေပါ လက်သင့်ခံမှာမဟုတ်ကြောင်း” ပြောကြားပါတယ်။

အမေရိကန်နိုင်ငံမှာ နိုင်ငံရေးအရ အကြမ်းဖက်မှုတွေ အဖြစ်များလာပေမဲ့လည်း နိုင်ငံရေးယဉ်ကျေးမှုကြောင့် လူသိများတဲ့ မင်နီဆိုးတားလိုမျိုး ပြည်နယ်မှာတော့ နောက်ဆုံး လုပ်ကြံတိုက်ခိုက်မှုဟာ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013