Home
နိုင်ငံတကာ
ပစ်ခတ်ခံရသည့် ကိုလံဘီယာအတိုက်အခံ ခေါင်းဆောင် ခွဲစိတ်မှု အောင်မြင်
DVB
·
June 9, 2025
Photo: X/@MiguelUribeT

ဦးခေါင်းကို ပစ်ခတ်ခံခဲ့ရတဲ့ ကိုလံဘီယာ အထက်လွှတ်တော်အမတ်၊ အတိုက်အခံသမ္မတလောင်း  မီဂွဲ အူရီဘေးကို ကနဦး ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ခဲ့အပြီးမှာ အသက်ကယ်နိုင်ခဲ့ပြီလို့ ဇနီးသည်နဲ့ ဆေးရုံက ထုတ်ပြန်ပါတယ်။

ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်မှုနဲ့ ဘယ်ဘက်ပေါင် ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့အပြီးမှာ အောင်မြင်ခဲ့ပေမဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ထားရှိနေရဆဲ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် အူရီဘေးဟာ အတိုက်အခံ လက်ယာယိမ်း ဒီမိုကရက်တစ်စင်တာပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။

ဇွန် ၈ ရက်နေ့က  ပန်းခြံတခုထဲမှာ မဲဆွယ်နေချိန် ပစ်ခတ်ခံခဲ့ရတာပါ။ ပစ်ခတ်သူဟာ ၁၅ နှစ် မပြည့်သေးတဲ့ ယောက်ျားလေးတယောက်ဖြစ်ပြီး ၉ မမ ဂလော့ပုံစံ ပစ္စတိုကို ကိုင်ဆောင်ထားတာလို့ ရှေ့နေချုပ်ရုံးက ထုတ်ပြန်ပါတယ်။

အစိုးရကတော့ ပူးပေါင်းကြံစည်သူ၊ စေခိုင်းသူ ရှိ၊ မရှိ စုံစမ်းနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး သတင်းပေးသူကို ဒေါ်လာ ၇၃၀,၀၀၀ အထိ ဆုကြေးပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

၂၀၂၆ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေ စတင်စကာလဖြစ်ပြီး အူရီဘေးဟာ ထင်ရှားတဲ့ နိုင်ငံရေးမိသားစုကလာသူ ဖြစ်ပေမဲ့ အနိုင်ရဖို့ နောက်ခံပါတီအားကောင်းသူတော့ မဟုတ်ပါဘူး။ ဘာကြောင့် လုပ်ကြံဖို့ ကြိုးစားသလဲ ဆိုတာလည်း မရှင်းလင်းသေးပါဘူး။

အူရီဘေးရဲ့ အဘိုးဟာ ၁၉၇၈ ကနေ ၁၉၈၂ အထိ သမ္မတတာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၀၂ ကနေ ၂၀၁၀ အထိ သမ္မတတာဝန်ယူခဲ့တဲ့ အယ်လ်ဘာရို အူရီဘေးနဲ့တော့ ပတ်သက်မှုမရှိပါဘူး။

မိခင်ဖြစ်သူဟာ ပက်ဘလိုအက်စ်ကိုဘာ ဦးဆောင်တဲ့ မူးယစ်ဂိုဏ်းအောက်က လက်နက်ကိုင်အဖွဲ့ရဲ့ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ ၁၉၉၁ ဝင်ရောက်ကယ်ဆယ်တဲ့ စစ်ဆင်ရေးမှာ မိခင်ဖြစ်သူ သေဆုံးခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013