Home
နိုင်ငံတကာ
အီရန်က တဲလ်အဗစ်နှင့် ဂျေရုဆလင်ကို တိုက်ခိုက်၊ အစ္စရေးက အီရန် ကာကွယ်ရေးဌာနချုပ်နှင့် ကမ္ဘာ့အကြီးဆုံးဓာတ်ငွေ့တွင်းကို တိုက်ခိုက် 
DVB
·
June 15, 2025
Photo: REUTERS/Gideon Markowic]

တဲလ်အဗစ်နဲ့ ဂျေရုဆလင်မြို့ရဲ့ ကောင်းကင်ယံမှာ ဇွန် ၁၅ ရက် အစောပိုင်း ညသန်းခေါင်ကျော်အချိန် မြေပြင်ကနေ ပစ်လွှတ်တဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားဖို့ ဒုံးခွင်းဒုံးတွေနဲ့ ပြန်ပစ်ခတ်နေတဲ့ ပေါက်ကွဲမှုတွေကို မြင်နေရပါတယ်။

ဇွန် ၁၄ ရက်နှောင်းပိုင်းမှာ အီရန်ကနေ အစ္စရေးဘက်ဆီ ဒုံးကျည်တွေနဲ့ ထပ်မံပစ်လွှတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။

အီရန်နိုင်ငံ တီဟီရန်မြို့တော်က စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေနဲ့ အီရန်မှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဓာတ်ငွေ့သိုက်ရှိရာကို အစ္စရေးက တိုက်ခိုက်ခဲ့ပါတယ်။ 

အစ္စရေးနိုင်ငံကို ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ပစ်လွှတ်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြပါတယ်။ 

အီရန်အပေါ် အစ္စရေးရဲ့ နောက်ဆုံးတိုက်ခိုက်မှုလှိုင်းလုံးကြီးအတွင်း မြို့တော်ရဲ့ အဓိကဓာတ်ငွေ့ သိုလှောင်ရုံကို တနင်္ဂနွေနေ့ကထိမှန်ခဲ့ပြီးနောက် တီဟီရန်မြို့ပေါ်ကောင်းကင်ယံမှာ မီးခိုး မီးတောက်တွေ ဖုံးလွှမ်းသွားပါတယ်။ 

တင်းမာမှုလျှော့ချဖို့ နိုင်ငံတကာကတောင်းဆိုနေပေမယ့် နှစ်နိုင်ငံခေါင်းဆောင်တွေက တိုက်ခိုက်မှုကို အရှိန်မြှင့်မယ်လို့ ကတိပြုထားပြီး စနေနေ့နှောင်းပိုင်းမှာ အပြန်အလှန်ထပ်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်အတွင်း အစ္စရေးကတိုက်ခိုက်လို့ အီရန်မှာ ကလေး အယောက် ၂၀ အပါအဝင် လူ ၈၀ ထက်မနည်းသေဆုံး၊ အယောက် ၈၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အီရန်မီဒီယာတွေကို ကိုးကားပြီး အယ်လ်ဂျားဇီးယား သတင်းဌာနကဖော်ပြပါတယ်။ 

ဟိုင်ဖာနဲ့ တဲလ်အဗစ်မြို့အပါအဝင် အစ္စရေးနိုင်ငံတဝှမ်းကပစ်မှတ်တွေကို အီရန်က ဒုံးကျည် အစင်းရေ ၂၀၀ ကျော်နဲ့ ပစ်လွှတ်ခဲ့လို့ လူ ၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာနဲ့ နယူးယောက်တိုင်းမ်စ် သတင်းဌာနတွေက ဖော်ပြပါတယ်။

အီရန်မြို့တော် တီဟီရန်က ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံဌာနချုပ်တွေအပြင် နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့  ဆက်နွှယ်တယ်လို့ စွပ်စွဲထားတဲ့နေရာတွေကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာအတွက် အသေအပျောက်စာရင်းကိုတော့ ချက်ချင်းမရနိုင်သေးပါဘူး။ 

အစ္စရေးတိုက်လေယာဉ်တွေအတွက် လောင်စာဆီထုတ်တဲ့ စက်ရုံတွေကို အီရန်ဒုံးကျည်တွေက ပစ်မှတ်ထားတယ်လို့ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က အခိုင်အမာပြောပါတယ်။

သောကြာနေ့က အီရန်နျူကလီးယားစက်ရုံတွေကို အစ္စရေးကတိုက်ခိုက်ခဲ့လို့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး ၃ ယောက်နဲ့ သိပ္ပံပညာရှင်တွေ အပါအဝင် လူ ၇၈ ယောက် သေဆုံးပြီး အယောက် ၃၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အီရန်သံအမတ်ကြီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။

သေဆုံးသူအများစုက  အရပ်သားတွေလို့လည်း သူက ပြောခဲ့ပါတယ်။ 

အစ္စရေးက အီရန်ရဲ့ နျူကလီးယားနဲ့ ပတ်သက်တဲ့နေရာတွေကိုလုပ်ကြံပြီး ထိပ်တန်းစစ်ခေါင်းဆောင်တွေကို သတ်ဖြတ်ခဲ့တာပါ။

အီရန်ရဲ့ နျူကလီးယားသန့်စင်ရေးနေရာတွေနဲ့ သန့်စင်စက်ရုံတွေကိုလဲ ထိမှန်ခဲ့ပြီး ထိပ်တန်းနျူကလီးယား သိပ္ပံပညာရှင်တွေ သေဆုံးခဲ့ပါတယ်။ 

အီရန် က အစ္စရေးရဲ့ စီးပွားရေးမြို့တော် တဲလ်အဗစ်ကို ပစ်မှတ်ထားပြီး တာဝေးပစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ လူ ၃၄ ယောက်ထက်မနည်းဒဏ်ရာရခဲ့တယ်လို့ အစ္စရေး ဆေးဘက်ဆိုင်ရာဌာနက ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013