Home
နိုင်ငံတကာ
အစ္စရေး တိုက်ခိုက်မှုအပေါ်  ဒရုန်းများ၊ ဒုံးကျည်များဖြင့် အီရန် တုံ့ပြန် 
DVB
·
June 15, 2025
Photo: REUTERS/Ronen Zvulun

အစ္စရေးရဲ့ နောက်ဆုံး တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ဘက်က ဒရုန်းနဲ့ ဒုံးကျည်တွေ သုံးပြီး ပစ်ခတ်ခဲ့တာမှာ အမျိုးသမီး တယောက် သေဆုံးကာ လူအယောက် ၄၀ လောက်ကို ဒဏ်ရာရစေခဲ့တယ်လို့ သိရပါတယ်။ 

အီရန်နိုင်ငံကနေ ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် အစင်း ၁၀၀ ကျော်ရှိခဲ့ရာမှာ အစ္စရေးအနေနဲ့ အများစုကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဇွန် ၁၃ ရက်က အီရန် နျူကလီးယားစက်ရုံတွေကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း လူ ၇၈ ယောက် သေဆုံးခဲ့ရပြီး နောက်ထပ်  ၃၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ် အနေနဲ့ အတည်ပြုပါတယ်။ 

အဲဒီထဲမှာ အီရန်စစ်တပ်ရဲ့ ထိပ်တန်းတပ်မှူး ၃  ယောက်နဲ့ နျူကလီးယား သိပ္ပံပညာရှင် ၆ ယောက် အပါအဝင် အရပ်သားအများစု သေဆုံးခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။ 

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုကတော့ ဒါဟာ အစပဲရှိသေးသလို အီရန်အပေါ်  “နောက်ထပ် တိုက်ခိုက်မှုတွေ ဆက်ပြုလုပ်သွားမယ်” လို့လည်း သတိပေးပြောဆိုပါတယ်။ 

ဇွန် ၁၄ ရက် မနက်အစောပိုင်းမှာတော့ အစ္စရေးမြို့တော် ဂျေရုဆလင်နဲ့ တဲလ်အဗစ်မြို့တို့မှာ လေကြောင်းရန်သတိပေးသံတွေ ထွက်ပေါ်လာခဲ့သလို အီရန်မြို့တော် တဟီရန်မှာလည်း ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။  

အခုလိုမျိုး အီရန်နဲ့ အစ္စရေးကြားမှာ အပြန်အလှန် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတဲ့အလျောက် ၂ နိုင်ငံကြား တင်းမာမှု မြင့်တက်လာတာနဲ့အမျှ အပြည့်အ၀ဆင်နွှဲရမယ့် စစ်ပွဲကြီးတခုအသွင် ပြောင်းလာနိုင်ပါတယ်။ 

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ အီရန်အနေနဲ့ နျူကလီးယား သဘောတူညီချက်ကို လက်သင့်ခံဖို့ ဒါမှမဟုတ်ရင် “ဒီ့ထက်ပိုပြီး ရက်စက်တဲ့” တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း သူ့ကိုယ်ပိုင် Truth ဆိုရှယ်ပေါ်မှာ သတိပေးထားပါတယ်။ 

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ထရမ့်ပ်က ချီးကျူးခဲ့တဲ့အပြင် အီရန်နဲ့ သဘောတူညီချက်ရဖို့ ပြီးခဲ့တဲ့ နွေဦးမှာ ရက်ပေါင်း ၆၀ အချိန်ပေးခဲ့တဲ့အကြောင်းပါ ဆက်စပ်ပြောသွားပါတယ်။

တကယ်လို့ အီရန်ဟာ အမေရိကန်ပြည်သူတွေ၊ အခြေစိုက်စခန်းတွေနဲ့အတူ အခြေခံ အဆောက်အအုံတွေအပေါ် ပစ်မှတ်ထားလာခဲ့မယ်ဆိုရင် “အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်”ဆိုပြီး ဗျူရိုအရာရှိ မက်ကွိုင်း-ပစ် အနေနဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အစ္စရေးဟာ ဝါရှင်တန်ရဲ့  ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်မှာ မဟုတ်တဲ့အလျောက် အမေရိကန်နဲ့ နျူကလီးယားဆွေးနွေးပွဲကို “အဓိပ္ပာယ်မရှိဘူး” ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကလည်း အီရန်နဲ့ အစ္စရေး ကြား “တင်းမာမှုမြင့်တက်နေတာကို” ရပ်တန့်ဖို့အပြင် “သံတမန်ရေးနဲ့ ငြိမ်းချမ်းရေး နည်းလမ်းအတိုင်းသာ ဖြစ်ရမယ်” ဆိုပြီး တိုက်တွန်းခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013