Home
မြန်မာသတင်း
ငဖဲတွင် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၃ ဦးကို လက်နက်ခဲယမ်းများနှင့် ဖမ်းမိ
DVB
·
June 14, 2025
Photo : CDF Asho
Photo : CDF Asho
Photo : CDF Asho
Photo : CDF Asho

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ဗျူဟာကုန်းတပ်စခန်းကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သားသစ်တွေအပါအဝင် ၂၃ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ CDF Asho ဆီကနေ သိရပါတယ်။

CDF Asho ရဲ့ တပ်ခွဲမှူးတယောက်က “နတ်ရေကန်ဗျူဟာကုန်းတပ်နားမှာက တိုက်ပွဲတွေ အရမ်းပြင်းထန်နေတယ်။ တိုက်ပွဲတွေကြားကနေ သူတို့အသက်တွေအသေမခံနိုင်လို့ ထွက်ပြေးလာကြတဲ့ စစ်သား ၂၃ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့ ကျနော်တို့ရဲဘော်တွေဘက်က အရှင်ဖမ်းဆီးနိုင်ခဲ့တာပါ။ ဖမ်းမိတဲ့ရက်တွေကတော့ မတူကြပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို MA1 သေနတ် ၅  လက်၊ MA3 သေနတ် ၃ လက်တို့အပြင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တချို့နဲ့အတူ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ၅ ရက်အတွင်း ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

CDF Asho ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းရိုးချင် က “တိုက်ပွဲတွေပြင်းထန်နေတဲ့ နတ်ရေကန်စခန်းဝန်းကျင် မီတာ ၁၅၀၀ ပတ်လည်က နတ်ရေကန်လမ်းဟောင်း ဖြတ်တောက်ရေးနဲ့ နယ်မြေရှင်းလင်းရေးတွေလုပ်ရေးလုပ်နေချိန်တွေမှာ နတ်ရေကန် ကာကင်းစခန်းတွေကနေ ထွက်ပြေးလာကြပြီး တောထဲမှာပုန်းအောင်းနေကြတဲ့ သူတို့ကို ဖမ်းမိခဲ့ကြတာပါ။ အခုဖမ်းမိတဲ့အထဲမှာ စစ်တပ်ရဲ့သန္ဓေတပ်သားတွေလည်းပါသလို တပ်သားသစ်တွေလည်းပါတယ်။ နတ်ရေကန်ကစခန်းတွေကို တခုပြီးတခု သိမ်းပိုက်သွားမှာဖြစ်လို့ အဲဒီစခန်းနဲ့သက်ဆိုင်တဲ့ စခန်းတွေမှာရှိနေတဲ့ စစ်သားတွေအနေနဲ့နဲ့ အမြန်ဆုံးအလင်းဝင်ကြဖို့တော့ တိုက်တွန်းချင်တယ်။ အသေခံပြီး ဆက်တိုက်မယ် ဆိုရင်တော့လည်း သူတို့ကံတရားအတိုင်းပဲလေ” လို့ DVB ကို ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုအပ်တာတွေစစ်ဆေးပြီး သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့ကလည်း နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းမှာ ရှေ့တန်းကင်း တာဝန်ကျနေတုန်း ထွက်ပြေးလာတဲ့ ပြည်သူ့စစ် ၃ ယောက်ကို MA အမျိုးအစား လက်နက်ငယ် ၃ လက်၊ ခဲယမ်းတချို့နဲ့အတူ ဖမ်းဆီးရမိခဲ့သေးပြီး ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ဗျူဟာကုန်းတပ်စခန်းရဲ့ ကာကင်းစခန်းတွေကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ CDF Asho ရဲ့ ရဲဘော်တွေက အရှင်ဖမ်းဆီးရမိခဲ့​ပါသေးတယ်။

နတ်ရေကန်ဗျူဟာကုန်းတပ်စခန်းဝန်းကျင်က ကာကင်းစခန်းအများအပြားကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း ဗျူဟာကုန်းမကျစေရေးအတွက် လေကြောင်းကနေ ပစ်ကူတောက်လျှောက်ပေးနေတယ်လို့ CDF Asho တပ်ဖွဲ့ဝင် ရဲဘော်တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013