Home
မြန်မာသတင်း
ကမ္မမြို့နယ်တွင် စစ်တပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားသူများထဲက ၁ ဦးကို သတ်ဖြတ်ခဲ့
DVB
·
June 14, 2025

မကွေးတိုင်း၊ ကမ္မမြို့နယ်ထဲကကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေကနေ လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားသူတွေထဲက ၁ ယောက်ကို သတ်ဖြတ်ပစ်ခဲ့တယ်လို့ ကမ္မတပ်ပေါင်းစုရဲ့ ကမ္မပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ကမ္မပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြေပြင်တာဝန်ခံ ကိုဘဦးက “ပခုက္ကူနဲ့ ပေါက်ကြားက ကမ္မမြို့ရယ်၊ ညောင်ပင်လှ၊ ညောင်ဂျစ်ပင်၊ ပြည့်အိုင်၊ ရွှေလှံ၊ ရွာသာအေး၊ ရေလာကြီးရွာတွေဘက်ကို စစ်ကြောင်းထိုးရင်း လမ်းမှာတွေ့တဲ့ပြည်သူတွေနဲ့ ရေမျက်ရွာ ဂေါတမဘုရားဘုန်းကြီးကျောင်းထဲမှာ ဖွင့်ထားတဲ့ စစ်ရှောင်စခန်းက ဦးဇင်း ၂ ပါးနဲ့ စစ်ဘေးရှောင်အမျိုးသား ၃ ယောက်ကို လူသားဒိုင်းလုပ်ဖို့ ဖမ်းသွားတဲ့အထဲက ပြည်သူ ၁ ယောက်ကို လမ်းမှာသတ်ဖြတ်ပြီး မြေမြှုပ်ခဲ့တာကို နယ်မြေရှင်းလင်းရေလုပ်ရင်းနဲ့ အလောင်းကိုတွေ့ခဲ့ရတာပါ” လို့ ပြောပါတယ်။

စစ်​ကောင်စီစစ်ကြောင်းဟာ အဲဒီကျေးရွာတွေကို ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့က ၅ ရက်နေ့အထိ စစ်ကြောင်းထိုး ပြည်သူတွေကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး အသတ်ခံထားရတဲ့ပြည်သူ ၁ ယောက်ရဲ့ ရုပ်အလောင်းကို ဇွန် ၉ ရက်နေ့မှာ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္မပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့​စစ်ရေးတာဝန်ခံ ကိုဘုတ်ကြီး က “တွေ့ရတဲ့အလောင်းကတော့ အမျိုးသားအလောင်းပါ။ အသက်ကတော့ ၄၀ ဝန်းကျင်ရှိတယ်။ ရေမျက်ရွာဘုန်းကြီးကျောင်း စစ်ရှောင်စခန်းကနေဖမ်းသွားတဲ့အထဲက ရေမျက်ရွာသားလို့ သိရတယ်။ သတ်ဖြတ်ခံရပြီးတော့ ကမ္မချောင်းထဲမှာသဲတွေနဲ့ဖုံးပြီး အလောင်းဖျောက်ခဲ့ကြတာဖြစ်ပါတယ်။ နောက်ထပ် အသတ်ခံရတဲ့သူတွေ ရှိသေးတယ်လို့လည်းသိရတယ်။ ဘယ်လိုသိရတာလဲဆိုတော့ အဲဒီကောင်တွေ ဖမ်းသွားတဲ့အထဲက ရေမျက်ရွာသားတယောက်ပြန်ထွက်ပြေးလာပြီး ကျနော်တို့အဖွဲ့ဆီရောက်လာလို့ သူက ပြန်ပြောပြတာ” လို့ DVB ကို ပြောပါတယ်။

သတ်ဖြတ်ခံရသူရဲ့ အလောင်းကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကတည်းက ပခုက္ကူမြို့နယ်နဲ့ ပေါက်မြို့နယ်ကြားကကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေလို့ သောင်းချီတဲ့ ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေကြသူတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013