Home
နိုင်ငံတကာ
LA တွင် ထရမ့်ပ်က စစ်တပ်နေရာချထားမှု တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်
DVB
·
June 13, 2025
Photo: Reuters

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့က တပတ်နီးပါးကြာ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ စစ်တပ်နေရာချထားတဲ့ ထရမ့်ပ်အစိုးရရဲ့ လုပ်ရပ်ဟာ တရားမဝင်ဘူးဆိုပြီး ဖက်ဒရယ်တရားသူကြီးတယောက်က တားမြစ်လိုက်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ကနေ စေလွှတ်ထားတဲ့ အမျိုးသားကာကွယ်ရေးတပ်ကို အုပ်ချုပ်ရေးမှူး ဂါဗင် နယူဆမ်ဆီ လုပ်ပိုင်ခွင့် ပြန်လွှဲဖို့အတွက်ပါ အမိန့်ချမှတ်ခဲ့ပါတယ်။

ဒါ​ပေမဲ့လည်း ထရမ့်ပ်အစိုးရဘက်က အယူခံဝင်ခဲ့တဲ့အလျောက် တရားသူကြီးရဲ့အမိန့်ဟာ ချက်ချင်းအသက်ဝင်ဦးမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးဖြစ်သူ နယူဆမ်ရဲ့ သဘောတူညီချက်မပါဘဲ တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့တဲ့ အမိန့်ကြောင့် ထရမ့်ပ်ကို ပြည်နယ်ဘက်က ပြီးခဲ့တဲ့တနင်္လာနေ့မှာ တရားစွဲထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ LA မြို့ကြီး “မီးလောင်ပြာကျမသွားအောင်” စစ်တပ်ကို စေလွှတ်ခဲ့ရတာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ တောင်းဆိုချက်အရ ထရမ့်ပ်ဟာ အမျိုးသားကာကွယ်ရေးတပ် စေလွှတ်ရာမှာ လွှတ်တော်က ချမှတ်ထားတဲ့ ဥပဒေကို လိုက်နာခဲ့သလားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

အဲဒီနောက် ခရိုင်တရားသူကြီး ချားလ်စ် ဘရိုင်ယာက ထရမ့်ပ်ဟာ “လိုက်နာခဲ့ခြင်းမရှိတဲ့ အပြင် သူ့လုပ်ရပ်တွေကိုပါ ဥပဒေနဲ့မညီဘူး” ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

နယူဆမ် ကလည်း “အားလုံးသိပြီးသားကိစ္စကို တရားရုံးအနေနဲ့ အတည်ပြုပေးလိုက်ပါပြီ၊ စစ်တပ်ဟာ စစ်မြေပြင်မှာသာ ရှိသင့်တယ်၊ မြို့တွေ လမ်းတွေပေါ်မှာ မဟုတ်ဘူး” လို့ ပို့စ်တင်ခဲ့ပါတယ်။

ဒေသဆိုင်ရာ အာဏာပိုင်တွေကတော့ အခြေအနေကို ထိန်းချုပ်ထားနိုင်သလို စစ်တပ် စေလွှတ်ဖို့လည်း မလိုအပ်ကြောင်း ပြောထားပါတယ်။

ပုံမှန်အားဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူး လက်အောက်မှာ ရှိနေတဲ့ တပ်ဖွဲ့တွေကို ထုတ်မသုံးဖို့ နယူဆမ်က ကန့်ကွက်ခဲ့ပေမဲ့လည်း ထရမ့်ပ်ဟာ မရိန်းတပ်သား ၇၀၀ ကျော်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄,၀၀၀ အထိ ဖြန့်ကြက်နေရာချထားဖို့ အမိန့်ပေးခဲ့တာပါ။

ဒါဟာ ထရမ့်ပ် အစိုးရက “ပုန်ကန်ထကြွမှု” ဖြစ်လာတဲ့အခါ သမ္မတတယောက် အနေနဲ့ အမျိုးသားအစောင့်တပ်ကို ဆင့်ခေါ်ခွင့်ရှိတဲ့ ဥပဒေအရ အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံမှာ အထူးခွင့်ပြုချက်နဲ့ ရောက်လာခဲ့တဲ့ ရွှေ့ပြောင်းအခြေချသူ ၅၀၀,၀၀၀ ကျော်ကိုပါ ပြည်တွင်းကနေ အမြန်ဆုံးထွက်ခွာဖို့ အမိန့်ထုတ်မယ်လို့ သိရပါတယ်။

ဂျိုးဘိုင်ဒင် လက်ထက်မှာ ပြည်နှင်ဒဏ်ပေးတာကနေ ယာယီကင်းလွတ်ခွင့်ရခဲ့တဲ့ ကျူးဘား၊ ဟေတီ၊ နီကာရာဂွါနဲ့ ဗင်နီဇွဲလား နိုင်ငံသား သိန်းနဲ့ချီကို အီးမေးလ်ပို့ပြီး အသိပေးမယ့်အကြောင်း ပြည်ထဲရေးဌာနက အတည်ပြုပါတယ်။

အဲဒီညွှန်ကြားချက်ဟာ ထရမ့်ပ်အစိုးရရဲ့  အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးရေး အစီအစဉ်ကို ဆန့်ကျင်ကန့်သူတွေဆီကနေ ဥပဒေကြောင်းအရ တရားစွဲဆိုတာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုပြီး ခန့်မှန်းထားကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013