Home
နိုင်ငံတကာ
တပ်မတော်နေ့နှင့် ထရမ့်ပ်မွေးနေ့ တရက်တည်းကျချိန်တွင် စစ်ရေးပြအခမ်းအနား ကျင်းပမည်
DVB
·
June 13, 2025
Photo :Reuters

အမေရိကန်တပ်မတော်နေ့နဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မွေးနေ့ တထပ်တည်းကျရောက်နေပြီး အဲဒီနေ့မှာ စစ်ရေးပြအခမ်းအနား ကျင်းပမယ့်အပေါ် အမြင်အမျိုးမျိုး ကွဲပြားနေပါတယ်။

ထရမ့်ပ်ဟာ ဇွန် ၁၄ ရက်မှာ အသက် ၇၉ နှစ် ပြည့်မှာဖြစ်ပြီး အမေရိကန်တပ်မတော်နေ့ကလည်း နှစ်ပေါင်း ၂၅၀ ပြည့်မြောက်မှာ ဖြစ်ပါတယ်။

အမေရိကန်စစ်တပ်က ထရမ့်ပ်ရဲ့မွေးနေ့ကို အသိအမှတ်ပြုဖို့ အစီအစဉ်မရှိဘူးလို့ ပြောထားချိန်မှာ စစ်ရေးပြပွဲမှာ သမ္မတက အဓိက အခန်းကဏ္ဍကနေ ပါဝင်မှာဖြစ်ပါတယ်။

ငွေကြေးကုန်ကျမှုများတာကြောင့် စစ်ရေးပြအခမ်းအနား ပြုလုပ်တာနဲ့ပတ်သက်ပြီး ဒီမိုကရက်နဲ့ တချို့ ရီပတ်ဘလစ်ကန်တွေက ဆန့်ကျင်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

ထရမ့်ပ်ဟာ ပထမသမ္မတသက်တမ်း ၂၀၁၇ ခုနှစ်တုန်းက ပြင်သစ်ခရီးစဉ်မှာ ပြင်သစ်သမ္မတ မက်ခွန်းနဲ့အတူ ပါရီမှာ စစ်ရေးပြအခမ်းအနားတခု တက်ရောက်ခဲ့ဖူးပါတယ်။ အဲဒီနောက် စစ်ရေးပြပွဲလုပ်ဖို့ ပင်တဂွန်ကို ထရမ့်ပ်က အမိန့်ပေးခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်းမှာ သူ့ကို အတိုက်ခံလုပ်ဖို့ အင်အားနည်းနေတဲ့အကြောင်း ဂျော့ဝါရှင်တန်တက္ကသိုလ် ပါမောက္ခ တော့ဘတ်က ပြောထားပါတယ်။

“ထရမ့်ပ် ပထမသက်တမ်းတုန်းက ရီပတ်ဘလစ်ကန်တွေဟာ သူ့ဘာသာသူ ရွေးကောက်ခံခဲ့ရပါတယ်။ ဒီအကြိမ်မှာတော့ ရီပတ်ဘလစ်ကန် အားလုံးနီးပါးက ထရမ့်ပ်ကြောင့်သာ ရွေးခံခဲ့ရတာပါ။ ဒီလိုမဲတွေနဲ့ တက်လာသူတွေဖြစ်တော့ သမ္မတကို ဆန့်ကျင်မှုတွေ မလုပ်ချင်ကြပါဘူး” လို့ ပါမောက္ခဘတ်က ပြောပါတယ်။

ဇွန် ၁၄ ရက်မှာ စစ်ရေးပြအခမ်းအနားကို မြို့တွင်းလှည့်လည် ပြုလုပ်မှာဖြစ်ပြီး စစ်ရေးပြပွဲပြီးတာနဲ့ အမေရိကန်ကြည်းတပ် ရွှေရောင်သူရဲကောင်းအဖွဲ့က လေထီးခုန်ပြီး ထရမ့်ပ်ကို အလံတခု လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဝါရှင်တန်မှာ ပြုလုပ်မယ့် စစ်ရေးပြပွဲမှာ တပ်သား ၆,၅၀၀ ပါဝင်မှာဖြစ်ပြီး ယာဉ် ၁၅၀၊ လေယာဉ် ၅၀ ပါဝင်မှာဖြစ်ပါတယ်။

အခမ်းအနား ၂ ခု ကျင်းပတာက ဒေါ်လာ ၂၅ သန်းကနေ ၄၅ သန်းကြား ကုန်ကျနိုင်တယ်လို့ အမေရိကန်အစိုးရအဖွဲ့က ရိုက်တာကို ပြောပါတယ်။

စစ်ရေးပြအခမ်းအနားမှာ အသုံးပြုမယ့် အသုံးအဆောင်ပစ္စည်းတွေ၊ နေရာထိုင်ခင်း၊ စစ်ရေးပြ စစ်သားတွေကို ကျွေးမွေးမှုတွေ ပါဝင်မှာဖြစ်တာကြောင့် စစ်ရေးပြပွဲ မရှိဘူးဆိုရင် ဒေါ်လာ သန်းပေါင်းများစွာ သက်သာမှာဖြစ်ပါတယ်။

ထရမ့်ပ်ဟာ သူ့မွေးနေ့မှာ ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုတာက နိုင်ငံရေးအသုံးချမှုတခုလို ပြောမှာဖြစ်တဲ့အကြောင်း ပါမောက္ခဘတ်က ပြောပါတယ်။

လွှတ်တော်မှာ ဆေးဝါးအကူအညီပေးရေး ဖြတ်တောက်မှုနဲ့ တခြားအကျိုးခံစားခွင့်တွေ ဖြတ်တောက်မှုကို ဆွေးနွေးနေချိန်မှာ ထရမ့်ပ်က စစ်ရေးပြပွဲအတွက် ဒေါ်လာသန်းချီ သုံးနေတာကြောင့် ဒီမိုကရက်တွေရဲ့ ပြောဆိုတာ ခံရမယ်လို့ ပါမောက္ခဘတ်က ပြောတာပါ။

အမေရိကန်စစ်တပ်ကို လွတ်လပ်ရေး မကြေညာခင် တနှစ်အလို ၁၇၇၅ ခုနှစ် ဇွန် ၁၄ ရက်မှာ စတင်တည်ထောင်တာဖြစ်ပြီး နှစ်ပေါင်း ၂၅၀ ပြည့် စစ်ရေးပြအခမ်းအနားကို သမိုင်းဝင် အခမ်းအနားတခုအဖြစ် ပြင်ဆင်နေတယ်လို့ အိမ်ဖြူတော်က ပြောထားပါတယ်။

အမေရိကန်စစ်တပ်ရဲ့ ပထမဆုံး သမိုင်းဝင် ချီတက်ပွဲကို ပြည်တွင်းစစ်အောင်မြင်တဲ့ ၁၈၆၅ မေ ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ ပြုလုပ်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013