
မူလလုပ်ခအတိုင်း ပေးနေတဲ့ စက်ရုံတချို့က အလုပ်သမားတွေဟာ လုပ်ခတိုးပေးတဲ့ စက်ရုံတွေဆီ ရွှေ့ပြောင်းတာတွေ ရှိနေတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ အခက်တွေ့နေကြတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းဆီက သိရပါတယ်။
မေလကုန်ပိုင်းကစလို့ စက်ရုံတချို့မှာ လုပ်ခတိုးတောင်းတဲ့ဖြစ်ရပ်တွေ ရှိခဲ့ပြီး တိုးပေးလိုက်တဲ့စက်ရုံတွေ ရှိသလို အသစ်ဖွင့်မယ့် စက်ရုံတွေကလည်း လုပ်ခတိုးပေးကာ လူစုဆောင်းတာတွေရှိလို့ လုပ်အားခပြောင်းလဲတာမရှိတဲ့ စက်ရုံတွေက အလုပ်သမားတွေ အလုပ်ထွက်တာ ဆက်တိုက်ရှိနေတယ်လို့ ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်စက်ရုံ မန်နေဂျာတယောက်က “နောက်ထပ် အော်ဒါက ရဖို့မသေချာသေးလို့ လုပ်ခတိုးပေးဖို့ ခက်နေတာရှိတယ်။ တိုးမပေးတော့ အလုပ်သမားတွေက လစာပိုပေးတဲ့ရုံတွေဆီ ပြောင်းတာရှိလာတယ်။ လူမငြိမ်တော့ အလုပ်က ရှေ့မရောက်တော့တာမျိုး ဖြစ်နေတာ” လို့ ပြောပါတယ်။
အဲဒီလို လုပ်ငန်းခွင်ထဲမှာ လုပ်သားမငြိမ်လို့ အော်ဒါအချိန်မီပြီးဖို့ အခက်တွေ့နေရတဲ့ စက်ရုံတွေ ရှိနေတယ်လို့လည်း အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတယောက်က ဆိုပါတယ်။
“တချို့စက်ရုံတွေက လက်ရှိအော်ဒါပြီးဖို့ အရေးကြီးတော့ အလိုက်သင့် လုပ်ခတိုးပေးလိုက်တာ ရှိတယ်။ အဲဒါပြီးရင် ပိတ်ရင်လည်း ပိတ်မယ်ဆိုပြီး လတ်တလော ဖြေရှင်းလိုက်တဲ့သဘော။”
လက်ရှိမှာ စက်ရုံအများစုက ဒေးကြေး တရက်လုပ်ခ ၆,၈၀၀ ကျပ်နှုန်းနဲ့ ပေးချေနေတာဖြစ်ပြီး ဆန္ဒပြတောင်းဆိုတာတွေ ရှိလာပြီးနောက်မှာ စက်ရုံတချို့က ၁၂,၀၀၀ ကျပ်အထိ တိုးပေးတာမျိုး ရှိတယ်လို့ အလုပ်သမားအဖွဲ့တွေဆီက သိရပါတယ်။