Home
မြန်မာသတင်း
ပြည်ပထွက်ခွင့် ကြန့်ကြာနေသဖြင့် အလုပ်သမားအချို့ အိမ်၊ ခြံ ဆုံးရှုံးမှုများ ရှိလာ
DVB
·
June 10, 2025

ပြည်ပထွက် အလုပ်လုပ်ဖို့အတွက် ကြန့်ကြာနေတာကြောင့် ငွေတိုးပိကာ ရှိရင်းစွဲ ပိုင်ဆိုင်တာတွေပါ ဆုံးရှုံးရတာတွေ ရှိနေတယ်လို့ ကာယကံရှင် အလုပ်သမားတချို့က ပြောပါတယ်။

ပြည်ပသွားရောက်ဖို့အတွက် ကုန်ကျငွေတွေကို အတိုးနဲ့ဆွဲကာ ပေးသွင်းထားကြတာဖြစ်ပြီး နဂို မျှော်မှန်းထားတဲ့ကာလမှာ သွားခွင့်မရခဲ့သလို မူဝါဒအပြောင်းအလဲတွေကြောင့် ထွက်ခွင့်ရဖို့ မခန့်မှန်းနိုင်လို့ အခက်တွေ့နေရတာလို့ သူတို့က ဆိုပါတယ်။

ဂျပန်ကိုသွားဖို့ စောင့်ဆိုင်းနေသူတယောက်က “အတိုးပေါ် အတိုးဆင့်ပြီး ဘဝပျက်နေပြီ။ ဒီအတိုင်းဆို အိမ်နဲ့ခြံပါ ထိုးအပ်ရတော့မှာ။ အသိထဲက တချို့ဆိုရင် အိမ်ပါ ရောင်းလိုက်ရတာ ရှိတယ်။ နဂိုမှန်းထားတဲ့အချိန်မှာ ထွက်ရရင် ပြဿနာမရှိဘူး။ အခုက ဝင်ငွေမရှိဘဲ အတိုးထိုင်ဆပ်နေရတာ” လို့ ပြောပါတယ်။

သူ့အနေနဲ့ ဂျပန်သွားဖို့ အင်တာဗျူး အောင်ထားသလို အလုပ်ခေါ်စာကျပြီး ဖြစ်ပေမဲ့ မြန်မာနိုင်ငံကနေ ထွက်ခွင့်မရသေးတာကြောင့် အကြွေးနဲ့ ပေးသွင်းထားရတဲ့ ကျပ်သိန်း ၂၀၀ ကျော်အတွက် တလကို အတိုး ၁၃ သိန်းလောက် ဆပ်နေရတယ်လို့ ဆိုပါတယ်။

ဂျပန်မှာ အလုပ်သွားလုပ်ဖို့ စောင့်နေတဲ့ နောက်အလုပ်သမားတယောက်ကလည်း အကြွေးနဲ့ ယူထားတဲ့ ငွေတွေအတွက် နေ့တိုင်း ပူပန်နေရတယ်လို့ ဆိုပါတယ်။

“အိပ်မရတဲ့နေ့တွေလည်း များနေပြီ။ အလုပ်ရှင်ဘက်က Cancel လုပ်လိုက်ရင် လမ်းပျောက်ပြီလေ။ ကိုယ့်အလှည့် ဘယ်တော့ပါမလဲဆိုပြီး စောင့်နေရတာ စိတ်တွေလည်း ပင်ပန်းတယ်။”

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက မတ်လကစပြီး ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံလက်မှတ် (OWIC) လျှောက်ထားပြီးသူတွေ ပြန်လျှောက်ဖို့နဲ့ အေဂျင်စီ တခုချင်းအလိုက် လစဥ် လျှောက်ရမယ့် လုပ်သားဦးရေ ကန့်သတ်လိုက်တဲ့နောက် ပြည်ပထွက်ဖို့ နောက်ကျ၊ ကြန့်ကြာတာတွေ ရှိလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီက အေဂျင်စီ တခုချင်းအလိုက် တလကို ထိုင်းနိုင်ငံအတွက် လုပ်သားအယောက် ၅၀၊ မလေးရှားနိုင်ငံအတွက် အယောက် ၂၀၊ ဂျပန်နိုင်ငံအတွက် ၁၅ ယောက်၊ ကိုရီးယားနိုင်ငံအတွက် ၁၀ ယောက်၊ စင်ကာပူနိုင်ငံအတွက် ၅ ယောက်ပဲ အလုပ်ခေါ်စာတင်ဖို့ ကန့်သတ် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် လာအိုနဲ့ ကျန် တခြားနိုင်ငံတွေအတွက်လည်း နိုင်ငံတခုကို ၁၀ ယောက်ထက်ပိုပြီး အလုပ်ခေါ်စာ မတင်ဖို့ ကန့်သတ်ထားပါတယ်။

လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင် ရယူထားတဲ့ အေဂျင်စီ ၆၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024