Home
နိုင်ငံတကာ
ဥရောပ ကာကွယ်ရေးပစ္စည်းထုတ်သည့်ကုမ္ပဏီများ အလုပ်သမားရရှိရေး အပြိုင်ကြိုးပမ်း 
DVB
·
May 28, 2025
Photo :Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သတိပေးချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပနိုင်ငံတွေရဲ့ အစိုးရတွေက ခဲယမ်းမီးကျောက်တွေ၊ တင့်ကားတွေနဲ့ တခြားလက်နက်တွေအတွက် အသုံးစရိတ် တိုးမြှင့်နေလို့ ဥရောပက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတွေက အကျပ်အတည်းနဲ့ ကြုံတွေ့နေပါတယ်။

ချက်သမ္မတနိုင်ငံ၊ ပရပ်ဂ်မြို့တော်ကနေ ၂ နာရီကြာ ကားမောင်းရတဲ့ ဗယ်လ်ကာဘိုက်စ်မြို့က ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းစု PBS Group ရဲ့ လုပ်ငန်းဆောင်ရွက်မှု ဒုဥက္ကဋ္ဌ ပါဗယ်စေချယ်က ဝန်ထမ်းတွေကို ရှာနိုင်ရင် သူ့ရဲ့ ဒုံးကျည်နဲ့ ဒရုန်းအင်ဂျင်တွေအတွက် ပိုပြီး လွယ်လွယ် ထုတ်လုပ်နိုင်မယ်လို့ တွက်ဆထားပါတယ်။ သူ့မှာ လူ ၈၀၀ လောက်ရှိပေမဲ့ ဝန်ထမ်းတွေကို ပိုရှာနေတာပါ။

PBS Group ဟာ ကျောင်းတွေ တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုထက် ကျော်လွန်တဲ့ ခြေလှမ်းတရပ်ကို လှမ်းတက်ခဲ့ပြီး ဝန်ထမ်းတွေကို မွေးထုတ်ပေးတဲ့ ကိုယ်ပိုင်လေ့ကျင့်ရေးကျောင်းကို စတင်ဖွင့်လှစ်လိုက်တယ်လို့ ဗယ်လ်ကာ ဘိုက်စ် ထုတ်လုပ်မှုစက်ရုံရဲ့ အမှုဆောင်အရာရှိချုပ် မီလန် မာချိုလန်က ပြောပါတယ်။

မော်တော်ယာဥ်လုပ်ငန်းဆိုင်ရာ ရုန်းကန်မှုတွေက ကာကွယ်ရေးစက်မှုလုပ်ငန်းမှာ ထုတ်လုပ်သူတွေအတွက် လူတွေစုဆောင်းရာမှာ ကူညီပေးခဲ့ပါတယ်။

EU ရဲ့ ကာကွယ်ရေးအသုံးစရိတ် ယူရိုဘီလီယံ ၈၀၀ (အမေရိကန်ဒေါ်လာ ၈၉၆ ဘီလီယံ) ဟာ လာမယ့် ဆယ်စုနှစ်အတွင်း ရာနဲ့ချီတဲ့ အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ထားပေမဲ့ အထူးလေ့ကျင့်ထားတဲ့ ဉာဏ်ရည်တုဆိုင်ရာ AI အင်ဂျင်နီယာတွေ၊ ဒေတာသိပ္ပံပညာရှင်တွေ၊ ဂဟေဆော်သူတွေနဲ့ စက်ပြင်သမားတွေ လိုအပ် ရှားပါးလာနေပါတယ်။

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ လက်ရှိ ရည်မှန်းချက်ဖြစ်တဲ့ ကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့ ၂ ရာခိုင်နှုန်းကနေ  ၃ ရာခိုင်နှုန်းထိ တိုးမြှင့်ရေးအတွက် ဥရောပမှာ ကျွမ်းကျင်လုပ်သား ၇၆၀,၀၀၀ လောက် လိုမယ်လို့ စီမံခန့်ခွဲမှုအတိုင်ပင်ခံကုမ္ပဏီ ကာနီက မကြာသေးမီက အစီရင်ခံစာထုတ်ပြန် ပြောကြားခဲ့ပါတယ်။

ပိုမြင့်တဲ့ လုပ်ခလစာနဲ့ ခံစားခွင့်တွေနဲ့အတူ လက်နက်ထုတ်လုပ်သူတွေဟာ တခြားကဏ္ဍတွေနဲ့ ဒေသတွင်း ကျောင်းသားတွေကြား အလားအလာရှိသော လူသစ်တွေကို ရှာဖွေ စုဆောင်းနေတယ်လို့ ရိုက်တာသတင်းဌာနက မေးမြန်းခဲ့တဲ့ ကုမ္ပဏီတဒါဇင်ကျော်၊ လူသစ်စုဆောင်းသူတွေနဲ့ အလုပ်သမားတွေက ပြောခဲ့ပါတယ်။

ယူကရိန်းကို ရုရှားက ၂၀၂၂ မှာ ကျူးကျော်ပြီးကတည်းက EU စစ်ဘက်ဆိုင်ရာ သုံးစွဲမှုရဲ့ ၇၈ ရာခိုင်နှုန်းဟာ အစုအဖွဲ့ပြင်ပမှာ သုံးခဲ့တာဖြစ်ပြီး အမေရိကန် တနိုင်ငံတည်းက ၆၃ ရာခိုင်နှုန်းကို ရယူထားပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024