Home
နိုင်ငံတကာ
ဥရောပက ယူကရိန်းကို တစုတစည်းတည်း ထောက်ခံနေဟု ဂျာမနီပြော
DVB
·
May 28, 2025
Photo :Reuters

ဥရောပက ယူကရိန်းကို တစုတစည်းတည်း ထောက်ခံနေတယ်လို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ယိုဟန် ဗာဒယ်ဖူးလ်က မော်စကိုကို သတိပေးလိုက်ပြီး ဒါဟာ ကိယက်ဗ်ကို အားပေးမှုနဲ့ ရုရှားကို သတိပေးမှုအဖြစ် ရှင်းလင်းတဲ့ ဥရောပသတင်းစကား ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဗာဒယ်ဖူးလ်ဟာ မေ ၂၆ ရက်က စပိန်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ သူ့ရဲ့ အဖွင့်ခရီးစဉ်အတွင်း မက်ဒရစ်မှာ ပြောသွားတာပါ။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ယိုဟန် ဗာဒယ်ဖူးလ်က “ယူကရိန်းက ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေပြီး အပစ်အခတ်ရပ်စဲဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ပြသနေပါတယ်။ ယူကရိန်းဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အဆင်သင့်ဖြစ်နေပြီ။ ဗလာဒီမာပူတင် ကတော့ ဒီကိစ္စကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ မကြုံစဘူး တုံ့ပြန်ခဲ့ပြီး ဒီအချိန်မှာ ငြိမ်းချမ်းရေးအတွက် အဆင်သင့်မဖြစ်သေးတာကို ပြသနေပါတယ်။ ဒါပေမဲ့ ကျနော်တို့က ငြိမ်းချမ်းရေးကို လိုချင်တယ်။ ငြိမ်းချမ်းရေးအတွက် တခုတည်းသော နည်းလမ်းက စေ့စပ်ညှိနှိုင်းရေးတွေနဲ့ စေ့စပ်ညှိနှိုင်းချင်စိတ်သာ ဖြစ်တယ်။ ရုရှားဘက်မှာ ဒီဆန္ဒမရှိသရွေ့ ယူကရိန်းဟာ ကျနော်တို့ကို အားကိုးလို့ရပါတယ်” လို့ ပြောသွားပါတယ်။

အလားတူ မေ ၂၆ ရက်က ဖင်လန်နိုင်ငံရှိ နော်ဒစ်ခေါင်းဆောင်များ အစည်းအဝေးမှာလည်း ဒိန်းမတ်ဝန်ကြီးချုပ် မက်တဲဖရက်ဒရစ်ခ်ဆင်က သီတင်းပတ်ကုန်အတွင်း ယူကရိန်းအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေက မော်စကိုဟာ ငြိမ်းချမ်းရေးကို စိတ်မဝင်စားဘူး ဆိုတာကို သက်သေပြခဲ့တာလို့ ပြောပါတယ်။

ရုရှားက ညလုံးပေါက် ပစ်လွှတ်တိုက်ခိုက်ခဲ့မှုကို စစ်ပွဲကာလအတွင်း ရုရှားရဲ့ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုအဖြစ် ယူကရိန်းလေတပ်က ဖော်ပြခဲ့ပါတယ်။

သူတို့နိုင်ငံတွေဟာ ယူကရိန်းကို အချိန်ကြာကြာ ပံ့ပိုးပေးမယ်လို့ နော်ဒစ်ခေါင်းဆောင်တွေက သဘောတူထားကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် ဖရက်ဒရစ်ခ်ဆင်က ပြောဆိုခဲ့ပြီး ပံ့ပိုးကူညီမှုဟာ စစ်ရေးအကူအညီ၊ ယူကရိန်း ကာကွယ်ရေးစက်မှုလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ယူကရိန်း ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်နိုင်ကြောင်းလည်း ဆိုပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013