
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှာ ပန်းလှိုင်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျလာလို့ နေအိမ် ၃ လုံး အရေးပေါ် ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ညောင်တုန်းမြို့နယ်၊ စွန်တနီး ကျေးရွာအုပ်စု၊ ပိတောက်ပင်စုကျေးရွာမှာ ဇွန် ၉ ရက် မနက်ပိုင်းက ပန်းလှိုင်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျလာလို့ နေအိမ် ၃ လုံး အရေးပေါ် ပြောင်းရွှေ့ခဲ့ရတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မရွှေ့ရင် အန္တရာယ်ရှိတဲ့ အခြေအနေလေ။ ဒါကြောင့် အရေးပေါ် ဖျက်ရွှေ့ခဲ့ရတာပါ။ ကမ်းပါးက ရုတ်တရက် ပြိုကျလာတာ။ အခုတော့ ဘေးလွတ်တဲ့နေရာမှာ ယာယီ နေနေပါတယ်။ မိုးတွင်းကြီး အိမ်ဖျက်ပြောင်းရတော့ ဒုက္ခရောက်တယ်” လို့ ပြောပါတယ်။
ကမ်းပါးပြိုကျလာလို့ အရေးပေါ် အိမ်ပြောင်းရွှေ့ခဲ့ရတဲ့ နေအိမ် ၃ လုံးဟာ သွပ်မိုး၊ ပျဉ်ကာ နေအိမ်တလုံးနဲ့ သွပ်မိုး၊ ဓနိကာ နေအိမ် ၂ လုံးဖြစ်ပြီး ဒေသခံတွေဟာ ကမ်းပြိုဘေးလွတ်တဲ့ နေရာမှာ ယာယီတဲထိုး နေနေရပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “လူတွေ အန္တရာယ်ကင်းပါတယ်။ ကမ်းပါးပြိုကျတာကတော့ ဒီနေ့အထိ ဖြစ်နေတုန်းပါ။ မပြောင်းရင် အကုန်အန္တရာယ်ရှိမယ့် အခြေအနေမို့ အားချင်းပြောင်းရတာ။ အခု အိမ်ထောင်စု ၃ စုက ဒေသခံတွေ ယာယီတဲထိုးနေတဲ့သူတွေလည်း ရှိတယ်။ မိသားစုတွေဆီက ခဏသွားနေတဲ့ သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျပြီး နေအိမ်တွေ ပြောင်းရွှေ့ခဲ့ရပေမဲ့ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိပါဘူး။
မေ ၂၅ ရက်ကလည်း ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာကျေးရွာမှာ ပန်းလှိုင်မြစ်ရေ တိုက်စားလို့ နေအိမ်အလုံး ၂၀ မြစ်ထဲမျောသွားခဲ့ပြီး နေအိမ်အလုံး ၄၀ ကို ကမ်းပြိုဘေးလွတ်ရာ အရေးပေါ် ပြောင်းရွှေ့ခဲ့ရပါတယ်။