Home
နိုင်ငံတကာ
ထိုင်းနှင့် ကမ္ဘောဒီးယား အပြန်အလှန် ဗီဇာသက်တမ်း လျှော့ချ
DVB
·
June 10, 2025

နယ်စပ်တင်းမာမှုဖြစ်ပွားနေတဲ့ ထိုင်း နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြားမှာ စစ်တပ်အချင်းချင်း တွေ့ဆုံညှိနှိုင်းပြီး ဖြေလျှော့မှုတွေ ရှိပေမဲ့ အခြေအနေမှာ စိတ်ချလို့မရသေးဘဲ နှစ်ဘက် ပြည်ဝင်ခွင့်ဗီဇာ အပြန်အလှန် လျှော့ချတာတွေ ရှိနေပါတယ်။ 

ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံသားတွေကို မူလပြည်ဝင်ခွင့်ဗီဇာ ရက်ပေါင်း ၆၀ ပေးထားရာကနေ ၇ ရက်ထိ လျှော့ချလိုက်တာကြောင့် ထိုင်းနိုင်ငံဘက်ကလည်း  အလားတူ ကမ္ဘောဒီးယားနိုင်ငံသားတွေကို အလည်အပတ်ဗီဇာ မူလက ရက် ၆၀ ခွင့်ပြုထားရာကနေ ၇ ရက်ထိ လျှော့ချလိုက်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး နိုင်းနိဘွန်းဒေ ဖလန်းကွန်းက ဇွန် ၉ ရက် ညနေပိုင်း သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု၊ လူကုန်ကူးမှု၊ စကဲင်မာ (ကျားဖြန့်) လုပ်ငန်းအပါအဝင် တခြား တရားမဝင်မှုတွေ နှိမ်နင်းဖို့ ကမ္ဘောဒီးယားနယ်စပ်ဘက် လျှပ်စစ်မီး၊ အင်တာနက်၊ ဖုန်းလိုင်းနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ တားမြစ်ထားတာကို အရှိန်မြှင့်ဆောင်ရွက်ဖို့အတွက် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီထံ တင်ပြသွားမယ်လို့ ဆိုပါတယ်။

၇ ရက် ဗီဇာကို ဇွန် ၉ ရက်က စတင်လျှော့ချပြီး ဘယ်နေ့ထိ လျှော့မလဲဆိုတာ ရက်အကန့်အသတ်မရှိကြောင်း၊ ၈ ရက်နေ့က နှစ်ဘက် စစ်တိုင်းမှူးတွေ တွေ့ဆုံဆွေးနွေးပြီး ကမ္ဘောဒီးယားတပ်တွေက ချောင့်ဘုတ် (Noman land) ကနေ ၂၀၂၄ ခုနှစ်က တည်ရှိတဲ့ နေရာအတိုင်း ပြန်နေတာကို ကြိုဆိုတယ်။ ဒါဟာ လာမယ့် ဇွန် ၁၄ ရက် JBC (Joint Bordering Committee) အစည်းအဝေးအတွက် ကောင်းမွန်တဲ့အလားအလာဖြစ်ဖို့ မျှော်လင့်တယ်။ အများပြည်သူတွေအနေနဲ့ နှစ်ဘက် သွေးထိုးလှုံ့ဆော်မှုဖြစ်စေတဲ့ သတင်းတု သတင်းမှားတွေ ရှောင်ရှားကြဖို့လည်း နိုင်းနိဘွန်းဒေ ဖလန်းကွန်းက ပြောသွားပါတယ်။

ထိုင်းဘက်က ဇွန် ၁၄ ရက် JBC အဆင့် ဆွေးနွေးပွဲနဲ့တင် နယ်စပ်ပြဿနာ ပြေလည်သွားဖို့ မျှော်လင့်နေပေမဲ့ ကမ္ဘောဒီးယားဘက်ကတော့ ICJ နိုင်ငံတကာတရားရုံးထိ တက်ရောက် ဖြေရှင်းမယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာတော့ အဝင်အထွက်ဂိတ်တွေကို နှစ်ဘက် အပြန်အလှန် ဖွင့်ချိန် ပိတ်ချိန် ကန့်သတ်နေရာမှာ တူညီတဲ့အချိန် မရှိတာကြောင့် ဝင်ထွက်သွားလာနေတဲ့ နှစ်ဘက်ပြည်သူတွေ ကမောက်ကမဖြစ်နေတယ်လို့ မြေပြင်ထဲထိ သတင်းယူနေတဲ့ ထိုင်းရတ် သတင်းထောက်က ပြောပါတယ်။

ဆီစကစ်ခရိုင် ချောင့်ဆငဲမ်နယ်စပ်ဂိတ်မှာဆိုရင် ထိုင်းဘက်ခြမ်းက မနက် ၈ နာရီဖွင့်ပေမဲ့ ကမ္ဘောဒီးယားဘက်က ၉ နာရီမှ ဖွင့်တာကြောင့်  ထိုင်းဘက်မှာ နေ့ချင်းပြန် ကျောင်းလာတက်တဲ့ ကမ္ဘောဒီးယားကျောင်းသားတွေ စာမေးပွဲဖြေတာ နောက်ကျခဲ့ရတယ်။ ဆေးရုံလာပြမယ့် လူနာတွေလည်း နောက်ကျတယ်။ ထိုင်းဘက်မှာ အလုပ်လာလုပ်တဲ့ နေ့ချင်းပြန် အလုပ်သမားတွေဟာ ဂိတ်ပိတ်ချိန်အမီ စောစောအလုပ်ဆင်းကြရလို့  လုပ်ငန်းခွင် ကမောက်ကမ ဖြစ်နေရတယ်လို့ ပြောသွားပါတယ်။

Source: Thairath / TNN News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013