Home
မြန်မာသတင်း
ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု လျော့နည်းရေး ဆွေးနွေးပွဲကျင်းပမည် 
DVB
·
June 10, 2025

မတ် ၂၈ ရက် အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီး ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု လျော့နည်းရေး အွန်လိုင်းဆွေးနွေးပွဲကို ဇွန် ၁၄ ရက်နဲ့ ၁၅ ရက် ၂ ရက်တာ ပြုလုပ်သွားမယ်လို့ Myanmar Institute Of Earth and Planetary Sciences အဖွဲ့ဆီက သိရပါတယ်။

မြန်မာမာနိုင်ငံမှာ မတ် ၂၈ ရက်က ဖြစ်ပေါ်ခဲ့တဲ့ ငလျင်နဲ့ပတ်သက်ပြီး ဘူမိဗေဒရှုထောင့်၊ ငလျင်ပညာရှုထောင့်နဲ့ အင်ဂျင်နီယာရှုထောင့်ကနေ နယ်ပယ်အသီးသီးက သုတေသီတွေ ငလျင်အန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်ရေးနဲ့ နောက်ထပ်လှုပ်ခတ်လာမယ့်  ငလျင်တွေကြောင့် ပျက်စီး​ဆုံးရှုံးမှုနည်း​ပါးရေး ပြင်ဆင်သင့်တာတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ 

MIEPS က ပါမောက္ခ ဒေါက်တာမျိုးသန့်က “စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက်ပိုင်းဖြစ်​တဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ပြတ်ရွေ့ရဲ့ မြောက်ဘက်ပိုင်း ဖြစ်တဲ့ ကချင်ပြည်နယ်၊ ဒါတွေက နည်းနည်းလေး သတိထားကြရတော့မယ့် အခြေနေဖြစ်လာပြီ၊ ငလျင်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေ မြန်မြန်စနိုင်လေ ကောင်းလေပဲ၊ ​ဒီငလျင်နဲ့ သက်ဆိုင်တဲ့ အ​ကြောင်းရာတွေကို ဆွေးနွေးကြမယ်”လို့ ​ DVB ကို ပြောပါတယ်။ 

အဆိုပါ ဆွေးနွေးပွဲမှာ စစ်ကိုင်းပြတ်ရွေ့နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ၊ ငလျင်သမိုင်းကြောင်း၊ အနာဂတ် လှုပ်ခတ်လာနိုင်တဲ့ ငလျင်အခြေအနေတွေကို ဘူမိဗေဒ ရှုထောင့်အပြင် ငလျင်ပညာရပ် ရှုထောင့်တွေကနေ သုံးသပ်သွားမယ်လို့ ပြောပါတယ်။ 

ဒေါက်တာမျိုးသန့်က “အနာဂတ်မှာ လှုပ်ခတ်လာမယ့် ပြင်းအားကြီးတဲ့ ၇ ဒသမ အထက် ငလျင်တွေအတွက် ကြိုတင်ပြင်ဆင်ရမယ့် အပိုင်းတွေ ဘာတွေရှိမလဲ၊ တစ်ဦးချင်း၊ မိသားစုအလိုက်၊ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် နိုင်ငံတော်အဆင့် ဆောင်ရွက်သင့်တာကို ဆောင်ရွက်ကြဖို့ ဆွေးနွေးကြမယ်၊ တက်ရောက်မယ့် ရည်ရွယ်ထားသူတွေကိုလည်း နယ်ပယ်ပေါင်းစုံက မျှော်လင့်ထားပါတယ်” လို့ ပြောပါတယ်။ 

ငလျင်ကို ကာလတို ခန့်မှန်းတွက်ချက်လို့ရတဲ့ နည်းပညာ မပေါ်ပေါက်သေးတာကြောင့် ကာလရှည် ငလျင်လှုပ်နိုင်ခြေရှိတဲ့ ပြတ်ရွေ့ကြောတလျှောက်ရှိ မြို့တွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ကာလအတွင်း ငလျင် ၂ ကြိမ် လှုပ်ခတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်က ပြင်းအား ၆ ဒသမ ၈ ရှိတဲ့ သပိတ်ကျင်း ငလျင်နဲ့ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ စစ်ကိုင်းငလျင်တို့ ဖြစ်ပါတယ်။ 

စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ၇ ဒသမ ၇ ပြင်းအားရှိ ငလျင်ကြောင့် အနည်းဆုံး လူ ၅,၃၀၀ ကျော်သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024