Home
မြန်မာသတင်း
ဆွေးနွေးပွဲ မအောင်မြင်သဖြင့် ဗုံးကြဲမည်ကို ကျောက်မဲမြို့ခံများ စိုးရိမ်
DVB
·
May 7, 2025
Photo - ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ရှေ့တန်းစစ်မြေပြင်၌ တွေ့ရသည့် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်များ

စစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ရဲ့  တွေ့ဆုံဆွေးနွေးပွဲဟာ မအောင်မြင်ခဲ့တာကြောင့် ကျောက်မဲမြိုကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်မှာကို  မြို့ခံပြည်သူတွေဟာ စိုးရိမ်နေကြပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ TNLA တအာင်းတပ်တို့ဟာ ဧပြီ ၂၈ နဲ့ ၂၉ မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ အပစ်ရပ်ရေး ဆွေးနွေးခဲ့ပါတယ်။ 

အဲဒီ တွေ့ဆုံပွဲဟာ အဆင်ပြေမှု မရှိခဲ့တာကြောင့် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာမှာနဲ့လေကြောင်း အပြင်းအထန်တိုက်ခိုက်လာမှာကို စိုးရိမ်တယ်လို့ ကျောက်မဲမြို့ခံ တယောက်က ပြောပါတယ်။

လက်ရှိ ကျောက်မဲမြို့မှာ ပြန်လည်နေထိုင်သူတွေနဲ့ စည်ကားစပြုနေပြီး လေကြောင်းတိုက်ခိုက် ခံရမှုတွေလည်း ဆက်တိုက်ရှိနေပါတယ်။

စစ်ကိုင်ငလျင်ကြီး စလှုပ်တဲ့ မတ် ၂၈ ကနေ မေ ၅ ရက်အထိ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၇၅ ကြိမ်ရှိခဲ့ပြီး အဲ့ဒီစာရင်းထဲမှာ ခုရက်ပိုင်း မေ ၅ ရက်က ကျောက်မဲမြို့ကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပါဝင်ပါတယ်။

ဒါကြောင့် ကျောက်မဲမြို့ရပ်ကွက်တချို့မှာ ဈေးဆိုင်ဖွင့်တာနဲ့ လူအသွားအလာနည်းပါး သွားတယ်လို့ မြို့ခံက ပြောပါတယ်။

TNLA က ကျောက်မဲမြို့ကို ၂၀၂၄ သြဂုတ်က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ကတည်းက နေအိမ်နဲ့ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရလို့ စိတ်ဒဏ်ရာရကြတဲ့သူတွေလည်း ရှိပါတယ်။

သူတို့တွေကတော့ ကျောက်မဲမှာ တကျော့ပြန် တိုက်ပွဲဖြစ်မှာနဲ့ လေကြောင်းတိုက်ခိုက်ခံရမှာကို စိုးရိမ်လို့ နေရပ်မပြန်သေးဘဲ ဆက်လက်တိမ်းရှောင်နေကြတယ်လို့ စစ်ဘေးရှောင် ဒေသခံတယောက်က ပြောပါတယ်။  

၂၀၂၃ အောက်တိုဘာမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ TNLA ကြား တွေ့ဆုံမှု ၇ ကြိမ်ရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလအတွင်းက တွေ့ဆုံပွဲမှာ စစ်ကောင်စီဟာ မန္တလေး- မူဆယ်- တရုတ်ကုန်သွယ်ရေးလမ်းပိုင်းပေါ်က TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့ အပါအဝင် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေက ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့ရာကနေ ဆွေးနွေးပွဲ မအောင်မြင်ခဲ့တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013