
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ ခိုးဆိုးလုယက်မှုတွေမကြာခဏ ဖြစ်ပေါ်နေပြီး ဇွန် ၉ ရက် ဒီမနက် ၆ နာရီကျော်က လမ်းမတော်မြို့နယ် ၇ လမ်းက တိုက်ခန်းတခုမှာ အိမ်အတွင်း ဝင်ရောက်လုယက်မှု တခုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူတွေဆီကနေ သိရပါတယ်။’
တိုက်ခန်းအတွင်း ဝင်ရောက်လုယက်စဥ် အော်ဟစ်အကူညီတောင်းတာကို လုယက်သူက ဓားနဲ့ ယမ်းခဲ့လို့ အလုခံရတဲ့ အမျိုးသမီးတယောက် ဘယ်လက်နဲ့ ညာလက် နှစ်ဖက်လုံး ဓားဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
လမ်းမတော် ၇ လမ်းမှာ နေထိုင်တဲ့ အမျိုးသားတယောက်က “တရားဥပဒေစိုးမိုးမှု မရှိတော့ဘူး။ ပြည်သူ့ဘဝ မလုံခြုံတော့ဘူး။ လမ်းထဲမှာ မနက်အစောကြီးပဲ ရှိသေးတယ်။ တိုက်ခန်းထဲ ဝင်လုတာ ငွေ ကျပ် ၇ သိန်း ပါသွားတယ်။ လူကတော့ ကံကောင်းလို့ မသေဘူးပေါ့။ အော်ဟစ်ပြီး ဘေးပတ်ဝန်း ကျင်ကို အကူညီတောင်းလို့ ဝင်လုတဲ့သူက ဓားနဲ့တွက်သွားတာ ဘယ်ကိုမှလည်း တိုင်လို့မရဘူး၊ တိုင်လည်း အရင်လို ရဲတွေက လိုက်ကူညီပေးတာမဟုတ်ဘူးလို့ ပြောပါတယ်။ ဒီရက်ထဲမှာ ခိုးမှု လုယက်မှုတွေက နေ့စဥ်ဆိုသလို ဖြစ်နေတာ”လို့ပြောပါတယ်။
မြို့ခံတွေအနေနဲ့ ဖြစ်နိုင်ရင် အိမ်တွေ၊ တိုက်ခန်းတွေကို တံခါးတွေ သေချာပိတ်ပြီး အထူးဂရုစိုက်ကြဖို့၊ တရားဥပဒေစိုးမိုးမှုမရှိတော့သလို အာဏာသိမ်းစစ်တပ်က ပြည်သူကို မကာကွယ်နိုင်တော့တဲ့အတွက် အသက်မသေအောင်ပဲ ကြံဖန်နေကြဖို့လည်း အကြံပြုပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ လုံခြုံစိတ်ချရမှုမရှိတော့ဘဲ နေ့စဥ်လိုလို ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့ နေထိုင်သူတွေဆီကနေ သိရပါတယ်။